မိုးသောက်ကာလ အိပ်ယာထလျှင်
စောစောစီးစီး ဇနီးက အပြစ်တင်
ရုံးသွားဖို့ပြင် ကိုယ်တွင်အဝတ်
ကချင်လုံချည် ဖျင်ပင်နီ--
အင်္ကျီတိုက်ပုံ ခပ်ညစ်ညစ်ကယ်နှင့်လေး---။
လကုန်ရက်ခါ ကားခရယ်မပါ
ခြေလျှင်သာ ကိုယ်ထည်းလျှောက်လို့လာ
ဆေပေါ့လိပ်ဖွာ စိတ်မှာတွေးရင်း
လယ်ကွင်းကိုကျော်လျှင် ရုံးကိုဝင်
ကိုယ်တွင် ချွေးစွတ်စွတ်ကယ်နှင့်လေး---။
ထမင်းထုပ်ငယ် လွယ်အိပ်ဝယ်
ခဲတံမှင်ချောင်း သောင်းပြောင်းရော၍သာလွယ်
အပေါင်ဘောင်ချာ တဖြာကြွေးစာရင်း
အသင်းဝင်ကြေး ပေးရန်တဖုံ အလုံးစုံ
အကုန်သာ ရော၍ပြွမ်းသည်နှင့်လေး---။
ဆူလည်းဆူလွန်း မေးခွန်းများစွာ
ဆဲကာကြိမ်းမောင်း သောင်းပြောင်းထွေလာ
အိမ်သို့ရောက်ခါ မောင်းကာနှင်ထုတ်
ကြွေးကထူထူ နားကပူ
ငြီးငြူစူပုပ် ငရုပ်ကျည်ပွေ့ငယ်နှင့်လေး---။
အလုပ်ကယ်ပြန်လာ ငွေတရာသာ ကျန်တော့သည်။
အဟုတ်ငယ်မဖန်သာ အမေ့ရွာမှာပြန်တော့မည်။
သန်းစိန်
2 comments:
တျာချင်း ကောင်းတယ်။
ကိုရင့်ကဗျာ အမှန်သာဆိုတော့သည်။
တျာချင်းကဗျာ ရွှေလိုရှားတော့မည်။
Post a Comment