-->

28.10.09

တန်ဆောင်မုန်းမိုးစွေ

တန်ဆောင်မုန်းမိုး
စွေချက်ကယ်ဆိုးလှချည့်
အညိုးနှင့်ရွာ....။

မိုးနှောင်းနှင့် ဆောင်းလေ
ရောမွှေတော့ အရိုးပါအေး...။

ထင်းခြောက်ဆွေး
မီးမွှေးလို့လှုံ
နဖူးပူရုံ ဒူးပူရုံ နောက်ဆီကချမ်းပြန်တော့
တင်းထိမ်ခြုံ ပုဆိုးနဲ့ကွေးသော်လည်း
ဖက်မည့်သူ အနေဝေးတာကြောင့်
အေးပါဘိ ကြမ်းကြားလေ....။

သန်းစိန်

Read More...

26.10.09

ကျေးလက်နံနက်ခင်း

မန်ယူနဲ့အာဆင်နယ်
ပယ်ပယ်နယ်နယ်တွယ်တာ...။

ရွာလယ်ဗွီဒီယိုရုံ
ရွာသားတွေတစ်ပြုံကြီး
အုံလို့...။

ဟင်ကနဲ ဟာကနဲ
ဆဲသံရော...။

လင်းကြက်လေးတွန်ရတာမောပေါ့
ဖာကူဆင်ကတော့ ခေါင်းကုပ်ထွက်သွားလေရဲ့...။

ရွားသားတွေ အနီကပ်ကိုယ်စီနဲ့လေ
ပျိုးခင်းထဲ ကျွဲတွေပဲလူးနေတယ်...။ ။

သန်းစိန်

Read More...

24.10.09

ကထိန်နှင့်ဝေးသူ့တေး

မြူနှင်းရယ်မှုန်
ကြူသင်းထုန် ရွှေခဝဲတွေနှင့်
တန်ဆောင်လ ပွဲရာသီ
ရောက်ခဲ့ပြန်ပြီ....။

ကတ္ထိန ကထိန်မှီ
ရွာလေးဆီပြန်ခဲ့တဲ့
သူငယ်ချင်းရဲ့စာ
ဘယ်လိုပြန်ရမှာပါလိမ့်...။

မရောက်တာကြာ
လာချင်ရဲ့လေး...။

မပြန်နှိုင်သေးသမှို့
ရပ်ဝေးမြေ တပြေကျေးဆီက
ရပ်ကြီးသူ ဗုံသံတေးကို
စာမြှောင်လေးကပ်ပေးမယ်
ဆိုကြကွယ်ငါ့ကိုယ်စား...။

ယောလုံချည် ပင်နီစစ်နှင့်
ဘယ်တိုင်းဖြစ်မှ မဝတ်ဆင်
သနပ်ခါးလေးနဲ့ယဉ်
သနပ်ခါးမှို့ ယဉ်သလား
ပါကွက်ကြားလို့ ယဉ်သလား
စိတ်ထားတော်ဖြူဖြူနဲ့
စိတ်ထားတော်ဖြူဖြူနဲ့
(ဒီဇမ္ဗူမှာ...)
မတူနှိုင်ပြိုင်စံရှားတယ်
အလိုကွယ်......
မိုးကျနတ်လား....။

ငါ့ကိုယ်စား မင်းကဆို
မိထွေးညို ငိုပေလိမ့်
လှိမ့်လိုက်ပါ့ ဒိုး...။

သန်းစိန်

Read More...

19.10.09

ပြန်ခဲ့ဟယ်

မြို့ကြီးမှာ အလုပ်မဖြစ်
ကုတ်ကျစ်ပြီး မနေနဲ့
ပြန်ခဲ့ဟဲ့ ရွာကို...။

ညည်းကိုလေ...
အရီးညို ဒွေးခိုတို့က
လွမ်းလှလို့ မျက်ရည်စို
မောင်သာချို ရှင်ပြုပွဲ
ကွမ်းတောင်ကိုင်လည်းလိုသတဲ့...။

လသာသာ ဗိုင်းငင်ဝိုင်း
ဗိုင်းငင်တိုင်း ညည်းကိုတ
ဗိုင်းငင်ဖေါ် အပျိုမတွေက
ညည်းအပြန် မျှော်နေကြလေရဲ့...။

ဆောင်းအကုန် နွေအရောက်
ဇီးသီးတွေ တူတူကောက်ရအောင်
ရွာအရှေ့တံခါးပေါက်
ပိတောက်ပင်အောက်က စောင့်ကြိုမယ်..။

ပြန်ခဲ့ဟယ် ပြန်ခဲ့တော့...။ ။

သန်းစိန်

Read More...

16.10.09

မီးခွက်နဲ့ရန်ဖြစ်ခြင်း

ဒီ...မီးခွက်စုတ်
မှိတ်တုတ် မှိတ်တုတ်နဲ့
လကွယ်ည ဂုဏ်ပုဒ်
ယုတ်အောင် လုပ်တယ်
မှုတ် လိုက်မယ်
ဖူးးးးးးးးးးးးးးးးးး။

မှောင်ပါ့စေ...။

သန်းစိန်

Read More...

13.10.09

ဝလုံးရေးနည်း



ဝိုင်းလိုက်...။ ။




သန်းစိန်

(ငမြတ်စံရဲ့အတိုဆုံးကဗျာ)

Read More...

12.10.09

ဘဝ

ငယ်စဉ်တုံးက
ငါ့ဘဝ...။

မလှခြင်း
ရုပ်ဆင်းကြမ်းရှ
ငိုခဲ့ရ၏...။

ဆင်းရဲခြင်း
နွံတွင်းထဲကျ
ငိုခဲ့ရ၏...။

ရင့်ကျက်ပြီ ငါမဆို
ကြီးပြင်းပြီ ငါမငို
ဘဝကို ရင်ဆိုင်မည်...။

စိတ်ထားဖြူစင် အလှဆင်နွှဲ
ရောင့်ရဲတင်းတိမ် ချမ်းသာအိမ်ဖွဲ့...။

ဘာလည်းဟဲ့ အလှ
ဘာဆင်းရဲရမှာလည်း...။

ကဲ.......ငါ......။ ။

သန်းစိန်

Read More...

10.10.09

ကျေးလက်ဂီတ

တက်တက်တူ ခါးခါး
ကျောက်ကုန်းမြေ ခံတောကြားက
ခါ တွန်သံကြား...။

ရွှေဘုတ်မ တပူပူ
ချိုးငှက် တကူကူနဲ့
ဖိုးတောင်သူ ယာလုပ်တဲဆီက
ပုလွေသံ ကြူဟန်ချွဲတယ်
စွဲ ချစ်စရာများ...။

ဝတိံဖျားက စည်တံမြွှာ
ဂျိုးဂျိုးဂျိမ့် လှိမ့်သံသာ
မိုး ဖြောက်ဖြောက်ရွာ
ဖားတင်္ဂါ အုံးအင်ဟစ်လေတော့
ပုရစ်က တကျစ်ကျစ်မြည်ကြွေး...။

ချောင်းလေးမှာ ရေဒီးဒီးရယ်နဲ့
သပြေသီး ပလုပ်တုတ်ကြွေ
ခြေတံရှည် ဗျိုင်းတွေအောက်တယ်
အံ့လောက်ဖွယ် တေး...။ ။

သန်းစိန်

Read More...

8.10.09

အတ္တကိုဖယ်ခွါခြင်း



နွယ်ပင်ဖြစ်လျှက်
စင်မတက်ပဲ
မြေထက်ပြေးလွှားနေသတည်း...။ ။

သန်းစိန်

(ပုလဲပန်း ကဗျာများမှ)

Read More...