-->

24.1.11

ဧည့်သည်ကြီး

ဖန်မီးအိမ် ထိန်ထိန်ထွန်းပါလို့
လှေတစ်စင်းနှင့်သီချင်းသည်...။

ဟိုး..ပန်းဈေးခင်းဆီက
ထီးကလေးနဲ့မနီ...။

ကဗျာပေါင်း ထောင်သောင်းချီ
သီနှိုင်ပေ့ ပန်းကုံး...။

ဆရာဆုံးသော်လည်း
ပန်းတွေက လန်းတုံး...။ ။

သန်းစိန်
(ဆရာတင်မိုး အမှတ်တရ)

Read More...

21.10.10

မိုးခါးရေ

ပုစဉ်းရင်ကွဲ
အာပြဲအောင်အော်
မိုးကိုမျှော်---။


ဖားတလက် ခြောက်
အာပေါက်အောင်အော်
မိုးကိုခေါ်---။


မိုးကြီး သည်းစွာ
ရွာပါပြီကော---။


ပုစဉ်းပေါလော
ဖားပေါလော
မျောပြီးပါသွား ရှာလေရော---။ ။


သန်းစိန်

Read More...

5.4.10

သစ်ငုတ်တို

ငါ့ကို မီးရှို့
ပြာဖြစ်ဖို့ပဲ
အမြစ်တို့တော့ကျန်ရစ်မယ်။ ။

သန်းစိန်

Read More...

4.1.10

အရွယ်

ဗေဒါ
ရေဇလာ ရွက်လွှင့်
လွင့်ချင်ရာ လွင့်...။

ရွှေကြာ
ရေပြာပြာ တည်ငြိမ်စွာပွင့်
ဣနြေ္ဒနှင့်...။

ငယ်စဉ်ကဗေဒါ
ကြီးလာတော့ရွှေကြာနော့...။

ငယ်စဉ်လိုထင်ရာမစိုင်းနှိုင်ဘူ့
ဇရာဟိုင်းလေပေါ့
ကိုင်း---ကိုယ့်စိတ်ကိုလျှော့...။ ။

သန်းစိန်

Read More...

23.12.09

အိမ်နီးချင်းမိတ်ဆွေသို့

နှောင်...ဝေ..ဝေ
ပြုခဲ့တဲ့ ကုသိုလ်တွေ
အမျှ ကိုယ်တိုင်ဝေသမှို့
သာဓု..သာဓု..သာဓုလို့ခေါ်...။

ကြာပြီနော် ဘယ်ဆီရောက်ပါလိမ့်
ကြေးစည်လေး ပျောက်ပြီထင်
တမင်ကို မထုလေရော့သလား
ကြားချင်လှ နားဆင်သ တမျှော်မျှော်...။

----------------
----------------
----------------။

သြော်..သူ့မှာလည်း ဒုက္ခနော်
ဒုက္ခထဲက ဒုက္ခ
မုချ အပူမီး
မီးထဲက မီး
အချစ်မီး လောင်ညီးရတက်ဖြာ
တရားနဲ့ ဖြေပါမှ...။

ဗုဒ္ဓရှင် သွန်သင်ဟော
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
ဒီသဘော စောကျောလိုက်နာ
အပ္ပမာဒေန သမ္မာဒေထ...။

ကြေးစည်သံလေး ကြားပရစေ
အမျှ ကိုယ်တိုင်ဝေပါ
သာဓု ခေါ်ချင်ပါ၍...။ ။

သန်းစိန်

Read More...

20.12.09

ရိုးသားသော်လည်းကြွားလိုက်မယ်

လူကတော့ အညာသား
ခပ်ကြွားကြွား ပြောမယ်...။

ကျုပ်တို့နယ်က
သယံဇာတ
ပေါပါ့...။

ကြေးစင်တောင်ကြေးတွေထွက်
နိုင်ငံအတွက်
ရွှေနှင့်စက်လို့ ငွေတွေရ
လက်နက်တွေ ဝယ်လိုက်မှ
ဒေမိုကရေစီသမားတွေ ငြိမ်ကျသွားတာပဲ...။

တောအနှံ့ တောင်တခွင်
ပျဉ်း ကညင် သစ်ယာ
ပိတောက်ဝါ ရွှေအင်ကြင်း
တောရှင်းအောင် ခုတ်လို့ရောင်း
သူတို့တွေ ပလုပ်ပလောင်း မြိုကြတယ်...။

အညာရပ် အညာနယ်
ယာ လယ်က ကောင်းသနဲ့
ပြောင်း နှမ်း ဝါ ဂျုံ ပဲ စိုက်
ထွက်လိုက်တဲ့ သီးနှံ
ရောင်းလိုက်ရပြန်ပေါ့ စစ်ရိက္ခာ
စားစရာကျန်ဘူးဗျား...။

ငါ့ လခွါး----
ဒီလို အစိုးရများ...။

ထွီ..........။ ။

သန်းစိန်

Read More...

9.12.09

ကန်စွန်းပွင့်လေး

ဆောင်းသဇင်
ပင်မြင့်တွင်စံမြန်း
နန်းထိုက်တဲ့ ပန်းမကိုဒ်တဲ့လား...။

...........ထား။

ကန်စွန်းပွင့်လေး
မြေမှာ ပြေးလွှား
နွေမိုးဆောင်း မရွေးအား
ဥတုသုံးပါး
ကျေးလက်ကို ခစားလျှက်...။

ရွှေနန်းတော်မှာ ဘုန်းရောင်မလက်သော်လည်း
မြေလမ်းပေါ်မှာ အပြုံးတောင်မပျက်...။ ။

သန်းစိန်

Read More...

6.12.09

ချုံးချလို့ငိုချင်တယ်

ပစ်ဖေါက်သံ
ထိငြိသံ
လွတ်ကျသံ
ပေါက်ကွဲသံ
လက်ဖက်ရည်ဆိုင်ထဲမှာဆူညံ
ရင်ခုန်သံ မြန်လိုက်တာလေ
နတ်ကတော်တွေလိုသာ ရင်ဝမှာ ပဝါစည်းထားချင်ပေါ့..။

အိမ်ကျပြန်တော့
သားသမီးတွေက
တစ်နေ့လုံး တစ်ညလုံး
ကြည့်တုန်း ဖွင့်တုန်း
ဒုံး...တဒုံးဒုံး...ရှဲတဲ့
ဟဲ့.ဟဲ့..သောက်ကျိုးနဲ
ဘာတွေ ကျကွဲပြန်ပြီလဲ
သဲသဲမဲမဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကြ
ဂလုံး ဂလုံးပွဲ ဝင်ထိုးရသလို
ရှုံးရှုံးပြီး ကျုပ်တော့ဒီဘဝ ထပ်ရှုံးသဗျ
အသဲတွေ ကြေမွသွားတယ်
မြန်မာ့ဂီတနဲ့ရုပ်ရှင်ရယ်
ကွယ်ပြီပါ့...။

ဟုတ်စ
ချုံးချလို့ငိုချင်တယ်...။ ။

သန်းစိန်

Read More...

26.11.09

ဧည့်သည်ကြီး (၀ါ) ကိုရင်ဂျမ်း

အညာဂွင် တစ်ရိုးမှာဖြင့်
ဆရာတင်မိုး ရယ်က
တမာ ထနောင်းတွေပျိုး
ကဗျာမိုး ရွာလိုက်ပုံများ
အညာ ဓလေ့စရိုက်ကို
မြန်မာမှုနှင့်လိုက်အောင်ပနော…။

သနပ်ခါးတောသူခင်
ရှင်မတောင် မြင်ပြန်တော့လွမ်း
ရေချမ်းစင် မှုတ်နှင့်သောက်
ဇီးပင်အောက် နားတတ်သူ
တောကြားက မြေဖြူကို
ဖေ ကူမှဖြစ်မယ်တဲ့
စေတနာ ဗလပွနှင့်မှန်း
ရွာလမ်းက ကင်ပွန်းချုံ
ဂုဏ်တင်လို့တေးသံညည်း….။

အို…ဧည်သည်ကြီးရဲ့...
ဖန်မီးအိမ် ထိန်ထိန်ထွန်းပါလို့
လှေတစ်စင်းနှင့်သီချင်းသည်
ဟို…ပန်းဈေးခင်းဆီက
ထီးကလေးနှင့်မနီ
သိင်္ဂါရ ကဗျာတွေသီ
ခုတော့..နေညိုပြီပေါ့ဆရာရယ်…။

သန်းစိန်

နိုဝင်္ဘာ (၁၉)ရက်ဆရာတင်မိုးမွေးနေ့အမှတ်တရ

Read More...

21.11.09

ခေတ်ချာတိတ်

ရွာထိပ်
ညောင်ပင်ရိပ်ကနတ်စင်
ရွာတော့်ရှင် နတ်ရုပ်
ဒါးကြီးဂုတ်ပေါ်ဝဲ
ဘယ်သူ့ခုတ်မှာလည်း အမေ...။

ရှူးးးးးးးးးးးးးး
တိုးတိုး...။

မပူဇော် မပသ
မုန့်ဖြူနီ မတင်ကြပဲ
ဘောင်တော်တွေ မဆက်ကြလျှင်တော့
ခုတ်မှာပေါ့ သားရယ်...။

သားကြောက်တယ် အမေ
ရွာသားတွေ ဘယ်နှစ်ယောက်သေပြီလည်း
ဟဲ ဟဲ ဟဲ...။ ။

သန်းစိန်

Read More...

20.11.09

ကဗျာဆရာ

ကဗျာဈာန်
ကာရံ တောင်ပံအားနှင့်
ကောင်းကင်ယံ ပျံကာလွှား
တိမ်ညွန့်ကိုစားလေ၏...။

သူ့ခမျာ
မြေပြင်မှာ ဖိနပ်ဗလာနှင့်
အစာရှာ ဟိုကြည့် ဒီကြည့်...။

သန်းစိန်

Read More...

19.11.09

အိမ်က ကိုအဝှာ ရေ့

တော့ ကဗျာမော်ဒန်
ကာရံကို မေ့ချင်မေ့...။

အိမ် ထရံ
ကာရန်တော့ မမေ့နဲ့တော်ရေ့...။

ကဗျာမှာကာရံမရှိတော့ ဆန်းတယ်ပေါ့။
အိမ်ထရံ ကာရန်မရှိတော့ ချမ်းတယ်တော့။ ။

သန်းစိန်

Read More...

14.11.09

တားတော်မူလိုက်ပါနဲ့ ဘုရား








ရှင်တော်မြတ် ဘုရား
ကမ္ဘာကြီး ပျက်မည်ကြား၍
ပန်းများကို မသီအား
ငွေဖလားနှင့်သာ လက်ခံတော်မူပါ ဘုရား...။

ပန်းတွေ မောက်မောက်
ဒူးထောက် ပူဇော်
လှူပြီးသော် နောက်
တင်လျှောက်ပါရစေ ဘုရား...။

ဗေဒအကျော် ဝေဒမော်များ
တွက်ချက် ဟောကြား
မှားနှိုင်မည် မထင်ပါ ဘုရား...။

ခရာစ် သက္ကရာဇ်
၂ဝ၁၂
ကမ္ဘာကြီးပျက်မည့်နှစ်ပါတဲ့ ဘုရား...။

အကယ်၍ ပျက်မည်ဟုမှန်ငြားအံ့
ရှင်တော်မြတ် ဘုရား
တား တော်မူလိုက်ပါနဲ့ ဘုရား...။

ချစ်သူရည်းစား
ကတိစကား မပျက်
ကမ္ဘာ လဆန်း(၁)ရက်မှာ
လက်ထပ်လှည့်ပါတဲ့ ဘုရား...။

သန်းစိန်

(မှတ်ချက်)E-mailပေးပို့လာသောမိတ်ဆွေထံပြန်ကြားချက်
(ပေးစာ)ကိုမြတ်စံရေ့ ကြားပြီလား။ ကမ္ဘာကြီးပျက်တော့မယ် ဘာတွေပြင်ထားလဲ။...တဲ့

Read More...

7.11.09

ပြန်ခဲ့တော့မယ်

မင်းမမြင်
မင်းမသိ
မင်းမရှိတဲ့ အရပ်
ပျော်တယ်များမှတ်နေလား...။

နိုင်ငံခြား
နိုင်ငံခြားနဲ့
တတ်ထားတဲ့ ပညာအလကား
သိက္ခာလေး တစ်ပဲသားနဲ့
အောက်တန်းစားအလုပ်ကိုလုပ်
ထုတ်မပြောချင်ဘူးကွား...။

ကြမ်းတိုက် ပန်းကန်ဆေး
ဝန်မလေးတော့ဘူးဟေ့
အပြေးပြန်ခဲ့မယ်...။

ခင်ရယ်
အိမ်ဖေါ်မလေး
အနားပေးလိုက်ပါတော့ကွယ်...။

သန်းစိန်

Read More...

28.10.09

တန်ဆောင်မုန်းမိုးစွေ

တန်ဆောင်မုန်းမိုး
စွေချက်ကယ်ဆိုးလှချည့်
အညိုးနှင့်ရွာ....။

မိုးနှောင်းနှင့် ဆောင်းလေ
ရောမွှေတော့ အရိုးပါအေး...။

ထင်းခြောက်ဆွေး
မီးမွှေးလို့လှုံ
နဖူးပူရုံ ဒူးပူရုံ နောက်ဆီကချမ်းပြန်တော့
တင်းထိမ်ခြုံ ပုဆိုးနဲ့ကွေးသော်လည်း
ဖက်မည့်သူ အနေဝေးတာကြောင့်
အေးပါဘိ ကြမ်းကြားလေ....။

သန်းစိန်

Read More...

26.10.09

ကျေးလက်နံနက်ခင်း

မန်ယူနဲ့အာဆင်နယ်
ပယ်ပယ်နယ်နယ်တွယ်တာ...။

ရွာလယ်ဗွီဒီယိုရုံ
ရွာသားတွေတစ်ပြုံကြီး
အုံလို့...။

ဟင်ကနဲ ဟာကနဲ
ဆဲသံရော...။

လင်းကြက်လေးတွန်ရတာမောပေါ့
ဖာကူဆင်ကတော့ ခေါင်းကုပ်ထွက်သွားလေရဲ့...။

ရွားသားတွေ အနီကပ်ကိုယ်စီနဲ့လေ
ပျိုးခင်းထဲ ကျွဲတွေပဲလူးနေတယ်...။ ။

သန်းစိန်

Read More...

24.10.09

ကထိန်နှင့်ဝေးသူ့တေး

မြူနှင်းရယ်မှုန်
ကြူသင်းထုန် ရွှေခဝဲတွေနှင့်
တန်ဆောင်လ ပွဲရာသီ
ရောက်ခဲ့ပြန်ပြီ....။

ကတ္ထိန ကထိန်မှီ
ရွာလေးဆီပြန်ခဲ့တဲ့
သူငယ်ချင်းရဲ့စာ
ဘယ်လိုပြန်ရမှာပါလိမ့်...။

မရောက်တာကြာ
လာချင်ရဲ့လေး...။

မပြန်နှိုင်သေးသမှို့
ရပ်ဝေးမြေ တပြေကျေးဆီက
ရပ်ကြီးသူ ဗုံသံတေးကို
စာမြှောင်လေးကပ်ပေးမယ်
ဆိုကြကွယ်ငါ့ကိုယ်စား...။

ယောလုံချည် ပင်နီစစ်နှင့်
ဘယ်တိုင်းဖြစ်မှ မဝတ်ဆင်
သနပ်ခါးလေးနဲ့ယဉ်
သနပ်ခါးမှို့ ယဉ်သလား
ပါကွက်ကြားလို့ ယဉ်သလား
စိတ်ထားတော်ဖြူဖြူနဲ့
စိတ်ထားတော်ဖြူဖြူနဲ့
(ဒီဇမ္ဗူမှာ...)
မတူနှိုင်ပြိုင်စံရှားတယ်
အလိုကွယ်......
မိုးကျနတ်လား....။

ငါ့ကိုယ်စား မင်းကဆို
မိထွေးညို ငိုပေလိမ့်
လှိမ့်လိုက်ပါ့ ဒိုး...။

သန်းစိန်

Read More...

19.10.09

ပြန်ခဲ့ဟယ်

မြို့ကြီးမှာ အလုပ်မဖြစ်
ကုတ်ကျစ်ပြီး မနေနဲ့
ပြန်ခဲ့ဟဲ့ ရွာကို...။

ညည်းကိုလေ...
အရီးညို ဒွေးခိုတို့က
လွမ်းလှလို့ မျက်ရည်စို
မောင်သာချို ရှင်ပြုပွဲ
ကွမ်းတောင်ကိုင်လည်းလိုသတဲ့...။

လသာသာ ဗိုင်းငင်ဝိုင်း
ဗိုင်းငင်တိုင်း ညည်းကိုတ
ဗိုင်းငင်ဖေါ် အပျိုမတွေက
ညည်းအပြန် မျှော်နေကြလေရဲ့...။

ဆောင်းအကုန် နွေအရောက်
ဇီးသီးတွေ တူတူကောက်ရအောင်
ရွာအရှေ့တံခါးပေါက်
ပိတောက်ပင်အောက်က စောင့်ကြိုမယ်..။

ပြန်ခဲ့ဟယ် ပြန်ခဲ့တော့...။ ။

သန်းစိန်

Read More...

16.10.09

မီးခွက်နဲ့ရန်ဖြစ်ခြင်း

ဒီ...မီးခွက်စုတ်
မှိတ်တုတ် မှိတ်တုတ်နဲ့
လကွယ်ည ဂုဏ်ပုဒ်
ယုတ်အောင် လုပ်တယ်
မှုတ် လိုက်မယ်
ဖူးးးးးးးးးးးးးးးးးး။

မှောင်ပါ့စေ...။

သန်းစိန်

Read More...

13.10.09

ဝလုံးရေးနည်း



ဝိုင်းလိုက်...။ ။




သန်းစိန်

(ငမြတ်စံရဲ့အတိုဆုံးကဗျာ)

Read More...

12.10.09

ဘဝ

ငယ်စဉ်တုံးက
ငါ့ဘဝ...။

မလှခြင်း
ရုပ်ဆင်းကြမ်းရှ
ငိုခဲ့ရ၏...။

ဆင်းရဲခြင်း
နွံတွင်းထဲကျ
ငိုခဲ့ရ၏...။

ရင့်ကျက်ပြီ ငါမဆို
ကြီးပြင်းပြီ ငါမငို
ဘဝကို ရင်ဆိုင်မည်...။

စိတ်ထားဖြူစင် အလှဆင်နွှဲ
ရောင့်ရဲတင်းတိမ် ချမ်းသာအိမ်ဖွဲ့...။

ဘာလည်းဟဲ့ အလှ
ဘာဆင်းရဲရမှာလည်း...။

ကဲ.......ငါ......။ ။

သန်းစိန်

Read More...

10.10.09

ကျေးလက်ဂီတ

တက်တက်တူ ခါးခါး
ကျောက်ကုန်းမြေ ခံတောကြားက
ခါ တွန်သံကြား...။

ရွှေဘုတ်မ တပူပူ
ချိုးငှက် တကူကူနဲ့
ဖိုးတောင်သူ ယာလုပ်တဲဆီက
ပုလွေသံ ကြူဟန်ချွဲတယ်
စွဲ ချစ်စရာများ...။

ဝတိံဖျားက စည်တံမြွှာ
ဂျိုးဂျိုးဂျိမ့် လှိမ့်သံသာ
မိုး ဖြောက်ဖြောက်ရွာ
ဖားတင်္ဂါ အုံးအင်ဟစ်လေတော့
ပုရစ်က တကျစ်ကျစ်မြည်ကြွေး...။

ချောင်းလေးမှာ ရေဒီးဒီးရယ်နဲ့
သပြေသီး ပလုပ်တုတ်ကြွေ
ခြေတံရှည် ဗျိုင်းတွေအောက်တယ်
အံ့လောက်ဖွယ် တေး...။ ။

သန်းစိန်

Read More...

8.10.09

အတ္တကိုဖယ်ခွါခြင်း



နွယ်ပင်ဖြစ်လျှက်
စင်မတက်ပဲ
မြေထက်ပြေးလွှားနေသတည်း...။ ။

သန်းစိန်

(ပုလဲပန်း ကဗျာများမှ)

Read More...

30.9.09

သူငယ်ပြန် အဖိုးအို

ကေသာရောင်
ကျိုးကြောင်ဖွေး
တစ်ငုံ နှစ်ငုံက ငုံချင်သေး...။

နား
ဝိုးတဝါး
အတင်း အဖျင်းမှ ကြားချင်သေး...။

သွား
အငှါးစိုက်
အမဲခြောက်မှ ကိုက်ချင်သေး...။

မျက်စိ မှုန်မှုန်
လှုပ်လှုပ်လေး မြင်ယုံနဲ့
ရင်ကလေးက တုန်ချင် ခုံချင်သေး...။

အနိစ္စ
ဒုက္ခ
အနတ္တ တရား
ပွါးများဘို့ဝေး
မရဏ ဆိုတဲ့ ပလုပ်တုတ်ကလေး
လှုပ်လှုပ်ပြီး ကစားနေသေးတယ်။ ။

သန်းစိန်

Read More...

29.9.09

အလှည့်

ထောင်ချ
ကျစမ်း...။

အံကြိတ်
မှိတ်ခံ...။

တစ်နေ့
တွေ့မယ်...။

အလှည့်ကျ
မနွဲ့ရ...။

ကြည့်အုံး
ဆုံးအောင်...။

ဒေါင်းအလံ
မိုးယံတက်နေပြီ...။ ။

သန်းစိန်

Read More...

22.9.09

လယ်တောကထမင်းဝိုင်း

မွန်းတိမ်းချိန် ကောက်စိုက်ငန်းတက်ပြီမှို့
ထန်းရွက်တဲ နေရိပ်ခို
ထမီစိုစို မေပျိုတစ်သိုက်မှာလ
ထမင်းပုံ လက်ဆုံနှိုက်ပါလို့
လွေးလိုက်ကြ ခေါင်းမဖေါ်ကြေး….။

ညွန့်ကင်းပုံ ဂွေးတောက်
ပြိုးပြိုးပြောက်ရောရာ
နွယ်ကျီးအာ ဘုံလုံရွက်ကယ်နှင့်
မှိုနတို ပီလညို သီကာစွက်တယ်
ဟင်း ချိုချက်လေး…။

သန်းစိန်

Read More...

16.9.09

ခွင့်လွှတ်စေချင် ရှိဦးတင်၍

ငမြတ်စံ ကဗျာ
မျက်ရည်ဖြာ ရွှဲ
အလွမ်း ကဲသတဲ့...။

ယုတ်ရင်းကြမ်းတမ်း
သိပ်မိုက်ကန်း သတဲ့...။

ဒေါသ မကင်း
ဝက်နင်း ကာရံ
ဘီလူးရယ်ဆန် သတဲ့...။

ရသ မမြောက်
ဂုဏ် မမြောက်
အလင်္ကာ ပျောက်သတဲ့...။

တစ်ယောက် တစ်မျိုး
မှိုလို မချိုး
မျှစ်လို ချိုးကြ
ခိုကိုးရာ မဲ့
မြတ်စံ ရဲ့ခေတ်
ဆန်းစစ်ကြည့် ပါ...။

စစ်ဖိနပ် အောက်
လူလားမြောက် တော့
ကမောက် ကမ
ထင်ကရ အတွေး
မြင်သမျှ ရေးမိ
ပြည်သူတွေကို ကြည့်ကြည့်ပြီး...။

ပြည်သူများ ဘဝ
မဝ ရေစာ
ခါးမှာ မလှ
ကြမ်းရှ ခက်ထန်
ငိုပွဲတွေ သန်ခဲ့ရ
ဒုက္ခ ပွေလီ
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ပြည်
ကဗျာ သီတော့
ချိုကြည် အေးမြ
တေးမလှ သံမသာ...။

ဆယ်ဖြာ လက်ချောင်း
စုပေါင်း စုံညီ
လက်အုပ် ချီ၏
ဖတ်မိ သူများ
ငမိုက်သား ကို
ခွင့်လွှတ် မှုများ
ပေးသနားနှိုင်ကြကောင်းပါရဲ့...။

သန်းစိန်

Read More...

8.9.09

လေတံခွန်







စက္ကူ
ဝါးခြမ်းကူ စွန်ချိုး...။

လွှတ်တင်ပြီ
ကောင်းကင်ထိ မိုး...။

ရင်ချီချီ
ပလီတီ ဂျွမ်းထိုး...။

မှတ်ပစေ
ပြတ်လေပေါ့ ကြိုး...။

သန်းစိန်

Read More...

1.9.09

သူရဲကောင်းများမိခင်

ဗမာပြည် တစ်နံ တစ်လျား
ကား ရထား ခြေလျင်
လှေတစ်သွင် မော်တော်စီး
ဘယ်ခရီး ဘာနဲ့သွား
နားလည် ခဲ့ပြီ...။

မြင်းခြံ ကလေး
မန္တလေး ခန္တီး
မြစ်ကြီးနား စစ်တွေ
ဘယ်မြို့ပဲ ဖြစ်ပါစေ
သွားတတ် နေပြီ...။

ပြည်သူ့အတွက် မိုကရေစီ
ယုံကြည်ချက် ပန်းတိုင်ဆီ
ချီသာချီ မေ့သား...။

ဘုရားတွေ လည်မဖူးရသော်လည်း
ထောင်ဘူးဝ ကိုတော့
ထောင်ဝင်စာတွေ့နေကျ
တွေ့မှာပါ့ သားရယ်...။

သန်းစိန်

Read More...

28.8.09

ပြန်လို့ဖြစ်ဘူး

ငမြတ်စံ
မွေးရပ်ဌာန် လွမ်းလှချည့်
မင့်အမေ ရှိလို့လား
ငါ့ရင်ကြားမှာ ငါ့ဟာငါမေး...။

အမေ မရှိပေမယ့်
ပြေစရာ
ဖြေစရာ ရှိလေရဲ့
အမေ့အုဋ်ဂူဟာ အမေပဲရယ်လို့
င့ါဘာသာ အဖြေပေး...။

ထုံးလေးလည်း သုတ်ချင်တယ်
ပတ်ပတ်လည် ပန်းတွေစိုက်
နေ့စဉ်နေ့စဉ် ဦးခိုက်ဖို့
ခြံဝိုက်ပြီး ကာမယ်
စိတ်ကယ်ကကူး...။

သောက်ရူးတွေ အာဏာရချိန်မှို့
ပြန်လို့ကဖြစ်ဘူး...။

ဟူးးးးးးးးးးးးးး
မောလိုက်လေ...။ ။

သန်းစိန်

Read More...

27.8.09

ဇာတ်ပွဲသွားမယ်












ဟိုဘက်ရွာ ဇာတ်ပွဲ
နွားလှည်းနဲ့သွားစို့ရဲ့……။

ဇာတ်စင်မှာ လှည်းဖင်ထိုး
မိုးလင်းအောင် ကြည့်မယ်ကွဲ့……။

အိပ်ချင်ပြေ လက်ဖက်သုပ်နဲ့
အချင်ထုပ် ယူခဲ့မယ်……။

ညဥ့်သန်းခေါင် မျက်တောင်မှေးတော့
လွေးတာပေါ့ကွယ်……။

ဘာကျွေးလို့ မျက်လုံးကျယ်စေ
ဝန်ကြီးတွေထွက်ချိန်တော့ အိပ်မှာပဲ……။

သိပ်လည်းမပူပါနဲ့
ဝန်စာတွေ မနိုင်ကြလေတော့
နောက်ပိုင်းဇာတ် မကနှိုင်ပါဘူ့
ပြဇာတ်တို နှစ်ပိုင်းတွဲနဲ့
နှစ်ကိုယ်တူ စောင်ခြုံထဲ
မိုးလင်းမှာ မလွဲ……။ ။

သန်းစိန်

Read More...

24.8.09

လူဟာလူပါပဲ











တအားနော် မနှိမ်ပါနဲ့
စပါးပေါ်ချိန်---တော့...။

ကားတဝီဝီ ဟန်ဟိတ်တွေမရှိပေမယ့်
စပါးကျည် ဆန်အိတ်အပြည့်---တော်ရေ့
တအိအိရွေ့သော်လည်း ငြိမ့်စရာ
ကောက်ရိုးလှည်းစီးမှာပေါ့...။

စလောင်း မချိတ်ပေမဲ့
အပေါင်းမိတ်ဆွေနဲ့ လူကြုံစကား
စုံစေ့အောင်ကြားရ---သတော့
ဆားဈေး ငါးဈေး အသားဈေးအစုံ
မယုံချင်စရာတွေပါ ကြားချင်သေးလား
လိုက်ပြေးသွားတာကစ သိရမယ်...။

တောရွာရယ်လို့ အထင်မသေးပါနဲ့
အမြင် အတွေးတွေ အတူတူပါပဲ
ရှေးကျန်ကျန် ခေတ်ဆန်ဆန်
အကြံနဲ့လူတွေမှို့
(မြို့ကြီးသား ကိုအဝှာရယ်)
လူဟာ လူပါပဲ---တော်ရေ့...။

သန်းစိန်

Read More...

21.8.09

ငယ်ကျွမ်းသို့အလွမ်း





ငယ်ကျွမ်းဆွေ ဆွေငယ်ကျွမ်း ကိုတဲ့
လွမ်းမပြေ မပြေလွမ်း ပြန်တော့
တခြားမြေ တမြေခြား ဆီက
တတမ်း တတ ရယ်နဲ့ တ တတတမ်း ပါလို့
တဆဆမှန်း ကာပ မှန်းတဆဆ စိတ်မှာမျှော်----။

ခနဲ့မျိုးစုံ မျိုးစုံခနဲ့ တတ်သူက
ကျမျက်ရည် မျက်ရည်ကျ သလိုနဲ့
နွဲ့မျိုးစုံ မျိုးစုံနွဲ့လေတော့
ချော့လျှင်ဆိုး ဆိုးလျှင်ချော့ ရပြန်ပေါ့
ပျော့ဘူးခင် ခင်ပျော့ဘူး ရယ်နဲ့
ချစ်ဖူးခဲ့ ချစ်ခဲ့ဖူးလေသမျှ
လွမ်းတသသ ပါဗျ တသသလွမ်း နေမယ်နော်----။

သန်းစိန်

Read More...

18.8.09

အွန်လိုင်းပေါ်မှာ













ချစ်ရေ---
ခေါ်နဲ့
ဟွန်း
ထူးဘူး---။

ချစ်ရေ---
ထူးဘူး
ဟွန်း
ခေါ်နဲ့---။

ချစ်ရေ---
ဟွန်း
ခေါ်နဲ့
ထူးဘူး---။

ချစ်ရေ---
ဟွန်း
ထူးဘူး
ခေါ်နဲ့---။

ချစ်ရေ---
ခေါ်နဲ့
ထူးဘူး
ဟွန်း---။

ချစ်ရေ---
ထူးဘူး
ခေါ်နဲ့
ဟွန်း---။

ချစ်လွန်းသူကို
နစ်မွန်းအောင်သူကြံလို့
မခေါ်ရန် ဘူးခံငြင်းလေပေါ့
ဟွန်းထွေထွေ ဝှန်းတွေပေးတာကြောင့်
ကျနော်ဘေးကပ်လိုက်ပါတယ်ခင်များ---။ ။

သန်းစိန်

Read More...

5.8.09

ထိုနေ့

စိတ်တွေက အလွန်တို
ဘီရိုကို ခွဲရမလား---။

စိတ်တွေက ဟိုရောက်ဒီရောက်
ပန်းကန်ခွက်ယောက် ကိုင်ပေါက်ချင်တယ်---။

စိတ်ထဲက တချင်ချင်
စာအုပ်စင် မီးတင်ရှို့မှပဲ---။

စိတ်တွေက တော်တော်ဆိုး
နံရံကို လက်သီးနဲ့ထိုးမယ်---။

ကိုယ့်ကိုယ်ကို အစိုးမရ
ဘာလုပ်လို့ ဘာကိုင်ပါ့
ထိုင်မရ ထမနေနှိုင်
အသဲဆိုင် ကျွဲပြိုင်ခတ်လေပေါ့
သူကတော့ ပါသွားပြီ ခင်မျာ့---။ ။

သန်းစိန်

Read More...

2.8.09

အချစ်ကိုအရောင်တင်ခြင်း



"ချစ်ရဲ့လားတဲ့---"

လင်နဲ့ မယား
နှစ်များအတန်ကြာလို့
သားတစ်ဖြာ ရကာမှ
ခင်နှမ မေးလေပြီ---။

ယုံကြည်ပါ ခင်
ကြိုးနှစ်ပင် လွန်းတင်ကျစ်သလိုပ
ချစ်သမှ ဗျစ်ဗျစ်ကိုမြည်---။

မရီနဲ့ ခင်နှမ---။

တစ်သားမွေး တသွေးလှသူရဲ့
ကိုးဆယ်ဆ ကြင်မယ်---။

ကဏှာနဲ့ ဇာလီပုံနှယ်
သားငယ်ကို ခင်ချီလို့
မီးငယ်ကို ဒီမောင်ပွေ့ရအောင်
တိုးချစ်ဖို့ ကြံဆောင်---။

ရှက်ယောင်ယောင် ခင်ပြုံး
ချစ်တဲ့သူ အမူတုံးကို
ယူကျုံးလို့ မွှေးလိုက်တယ်
ကဲ ဟယ်---
ကဲ ဟယ်---
ချစ်ပါတယ်ဆို---။ ။

သန်းစိန်

Read More...

29.7.09

အိမ်အပြန်


နေဝင်ရီ တရော
ထန်းတောက ညိုပြာပြာ
ဧရာက ကြည်လဲ့---။

အပန်းတွေ ပြေစေရာ
အလွမ်းတွေ ဖြေရာမှို့
ကိုလူပျိုတို့ရဲ့ဂေဟာကွဲ့---။

ပလုံ စီစီ
မြူအိုးတွေ ဗုံစီလို့
မှုံရီရီ စုံညီတဲ့ ဒီဝိုင်း---။

ကိုင်း---
ကုန်ပြီလေ အချိန်တန်
အိမ်အပြန် သိုင်းဟန်နဲ့ကစို့လေ
ပတ်ဗေတိုးဗေ
ပတ်ဗေတိုးဗေ
မြည်ပါပေတဲ့ ပါးစပ်ဆိုင်း---။ ။

သန်းစိန်











ပန်းချီ-စစ်ငြိမ်းအေး

Read More...

27.7.09

ကံ ကံငယ်ခေ












ပန်းတစ်ပွင့်
လှမ်းလင့်လို့ သူပေး---။

ယူ လိုက်သေးပါဘူ့
ကိုယ်စိုက်တဲ့ နှင်းဆီရုံ
တစ်ငုံ ကျန်ပါသေး---။

ပွင့်စေချင်
ရေစင်လောင်းပါလို့
ပေါင်းသင် ဘို့ပြင်---။

လက်ဦးသူ တမင်ချိုးလေပေါ့
ပန်းပျိုးသူ ဘဝင်ညှိုးတယ်
ဆူးရိုးသာ အဖတ်တင်---။

သန်းစိန်

Read More...

23.7.09

ရွာစမ်းဟဲ့မိုး



မိုးနတ်ရှင်
ကိုးရပ်ခွင် ညို့ညို့ဆိုင်းပါလို့
မို့မို့မှိုင်း ရွာဟန်ပြင်
ပြိုးပြက် လျှပ်ဆင်---။


ယာတောလယ် တခွင်
သာမောဖွယ် မယ်ခင်ကညာတို့
လယ်ပြင်မှာ ကောက်စိုက်တေးတွေနှင့်
နောက်လိုက်သေး ပျော်ပျော်ရွှင်---။

ယောင်ကြီးနဲ့ မောင်ကြီး ရှင်
မိုးရွာလျှင် ပျိုခင်မှာ စိုမှာစိုးတယ်
ခါးဝတ်ကယ် ရွှေပုဆိုးရယ်နှင့်
မိုး ကာလှဲ့ရှင်---တဲ့။

စိုးပါနဲ့ခင်
တာဇံအသွင် သစ်ခက်တွေခါးမှာဆင်လို့
ပျိုမေခင် ဘဝင်ခိုက်အောင်
ကွင်းလိုက်ကယ် မောင့်ပုဆိုးရယ်နှင့်
လိုက်ကာလို့ မိုးပါ့မယ်
ကဲ--ရွာစမ်းဟဲ့ မိုး---။ ။

သန်းစိန်

Image Hosted by ImageShack.us

Read More...

20.7.09

စမ်းတဝါးဝါး

ပန်းပုတစ်ရုပ်
ဓါးထစ်ခုတ်လည်း

သည်အရုပ်ကား
ဓါးသွားယွင်းချော်
ပုံမပေါ်သေး---။

ပန်းချီတချပ်
စုပ်ချက်ခတ်လည်း

သည်ပန်းချီကား
ဆေးသားမညီ
ပုံမပီသေး---။

ကဗျာတစ်ပုဒ်
ကာရံထုတ်လည်း

သည်ကဗျာကား
လင်္ကာမညီ
တေးမပီသေး---။

အနုပညာ
ဝင်္ကဘာလမ်း
စမ်းတဝါးဝါး
လေးဘက်သွားတုံးပါကွယ်ရို့---။

သန်းစိန်

Read More...

17.7.09

မောင်ကြံရွယ်တဲ့စပယ်ကုံး

စပယ်ရုံ
အကုန်ခူးပါလို့
ငုံဖူးရော အပွင့်ပါ
သီကုံးကာပေးမယ်ကွယ့်စိတ်ကူး---။

ကေသာဆင်
လည်တွင် ဆွဲရအောင်
ကဗျာဆရာ့ ကဗျာထဲက
မိန်းမလှတွက် ရည်စူး---။

သန်းစိန်

Read More...

14.7.09

လမ်းတွင်လှဘူး

*************
သီကရီ

ရွှေပိုးတီ အသာတွန့်သည့်နှယ်
မောင်လွန့် ကာလူး---။

ခါးကိုငယ် လိမ်
ဖင်ပိန်ကို အကုန်နှဲ့လို့
အိပ်ပဲ့ကို အနိုင်ချီရတော့
ဗွတ်ဖင်နီ ပျံသင်စလို
လမ်းတွင် လှဘူး----။ ။

(ဦးပုည)
ဇူဇကာပုဏ္ဏား ဝင်္ကပါတောင်သို့သွားရာ စခန်းချသောခွန်းထောက်သဖြန်။

တော်လှန်ရေးနယ်ပယ်
ခရီးရယ် ဘယ်တွင်ပါ့----။

သူတလူ ငါတမင်းတွေနဲ့
အချင်းချင်း ဖီလာ
ဇူဇကာ သူ့ဖင်နှဲ့သလို
အိပဲ့ပဲ့ နဲ့နဲ့သာ---။

ပိုးတီမျှ မတွန့်သာအောင်
ဘေးတိုက်ဆောင် လူ့လွယ်အိပ်တွေနဲ့
စိတ်ပျက်အောင် ခရီးဆက်လျှင်ဖြင့်
ဗွတ်ဖင်နီ ပျံသင်ငှက်လောက်မှ
ခရီးရောက် မ... ထင်ဘူး---။ -။

သန်းစိန်

Read More...

11.7.09

ခွေးအိပ်တောင်အလွမ်း

သွေးစီးပေရစ်
သံလွင်မြစ်
စိတ်ညစ်ခွေခေါက်စီးဆင်းလျှက်---။

ခွေးအိပ် တောင်တန်း
လျှိုမြှောင်ကမ်း
ပြောက်ကျား စခမ်းရှိလေရဲ့---။

ည၏အရောင်
မဲမဲမှောင်
တောတောင် ချောက်ချားနေလေရဲ့---။

တောခွေးအူသံ
ဂျီဟောက်သံ
မိုးယံထိုးဖေါက်သွားလေရဲ့---။

ကင်းအထပ်ထပ်
ညဥ့်လုံးပတ်
စောင့်ကြပ် စစ်ဆေးနေလေရဲ.--။

ပြောက်ကျားလုလင်
ရှေ့ရေးမြင်
ခွပ်ဒေါင်းတွန်လို့ကလိမ့်မယ်---။ ။

သန်းစိန်

Read More...

9.7.09

အသွားမတော်တလှမ်း

သူငယ်ချင်း မွေးနေ့
လက်ဆောင်လေး ပွေ့အသွား
ငယ်ပေါင်းများ နဲ့တွေ့
ဟေ့...မြတ်စံရေ့ လာဟေ့ ဒို့ဝိုင်း
ကိုင်း..တခွက် တဖလား ချကွား---။

မချပရစေနဲ့ တောင်းပန်
အိမ်အပြန် အနှံခံရမှာဗျာ့
ရှိခိုးပ့ါမယ် ကိုယ့်လူတို့ရယ်---။

မိန်းမဗျာ ဒါလောက် ကြောက်သလား
မွေးနေ့ရှင် ဒါနမြောက်အောင်
တခွက်တော့ သောက်ကွာ
ပုလင်းကိုဗျာ အတင်းငှဲ့
လောင်း ထည့်မယ် လုပ်ကြ
ရုန်းကန် မရတော့
တခွက် မော့လိုက်ရတယ်---။

အိမ်အရောက်
အချစ်က ဆီးဟောက်ပါလေရော---။

မျက်နှာလေး နီနီ နီနီနဲ့
ပလီတီတီ လာမလုပ်နဲ့
ဆုတ်---နောက်ကို နံတယ်ရှင့် အရက်စော်
ရှင့်နော်---ရှင်
သောက်ခဲ့လျှင် အိမ်မဝင်ရဘူးဆိုတာ
ဘယ်နှစ်ခါ ပြောနေရမှာလဲ
ကဲ--ဘယ်မှာလည်း ရှင့်ကတိ---။

သိ--သိပါတယ် အချစ်ရယ်
ဒီ--ဒီတခါ သူငယ်ချင်းတွေ
အတင်းလေ--အတင်း----။

ရှင်းပြမနေနဲ့--
ရှင်းပြမနေနဲ့--
သူငယ်ချင်းချင်း မချင်းချင်း
ရှင်--အိမ်ပေါ်က ဆင်းမလား
ကျမ--အိမ်ပေါ်က ဆင်းရမလား--
ရှင်းရှင်းပဲပြော ဒါပဲ---။

မင်း--မင်းလည်း မဆင်းပါနဲ့
ငါ--ငါလည်း မဆင်းပရစေနဲ့ကွယ်
အချစ်ရဲ့ နော်---။

တော်---
တော်စမ်း---
ရှင်တော်စမ်း---
ဖျမ်း----
ကျောတချမ်းစပ်သွားတယ်ဗျာ---။

မကပ်နဲ့နော်
ရှင်လုံးဝမကပ်နဲ့ ကျမအနား--
သွား---ခပ်ဝေးဝေး
ချွေးစော်ကအစ နံတယ်ရှင့်---။

ခင်ပေးတဲ့အပြစ်ဒဏ်
ကိုယ်ခံရန်အသင့်ပါကွယ်
အိမ်ပေါ်ကဆင်းမယ်တော့ မကြံပါနဲ့
တောင်းပန်ပါရဲ့ ---။

ဒါနဲ့ အချစ်ကပေးတဲ့ဒဏ်
ကျနော်ခံပါတယ်---။

နားရွက်ကို နာနာဆုပ်
ထိုင်ထ ထိုင်ထတွေလုပ်
ငုတ်တုတ်ကလေး
ကုတင်ဘေး အိပ်လိုက်ရတာပေါ့---။

သန်းစိန်

Read More...

8.7.09

ကချေသည်
















ပန်းချီ...စစ်ငြိမ်းအေး

ထံတျာ သီကာကြွေးပါလို့
ဟန်ပါပါ ကွေးကာကလို့ရယ်
ယဉ်ပါပေ့ ကွယ်---။

လက်ဖျားနဲ့ လင်္ကာသီတယ်
ကဗျာနှယ် စီမကုံးနှိုင်ဘူ့
ရွှေပန်းချီရှုံးလောက်တဲ့ ကချေသည်---။

မြန်မာမှု့ မဟာဆန်တယ်
နန်းဟန်နွယ် ဖွား
ကမ္ဘာ တလွှားမှာဖြင့်
ဝံ့ကြွား ဂုဏ်ဟူစရာပါ့
စဉ်အလာယဉ်ကျေးမှု့ဟာမှို့
ထိန်းသိမ်းကြများသူငါ
ဆယ်ကမ္ဘာတည်စရာပါ့လေး---။ ။

သန်းစိန်

Read More...

5.7.09

ဝေးသွားမှာစိုး











တိုးတိုးဖေါ် တိုင်ပင်ဘက်
လက်ချင်းယှက်
ဆက်လျှောက်မည့်သူကိုမျှော်
ပေါ်လာနှိုင်ခဲ---။

သူ့ကိုယ်ပဲ တမင်
ရွေးခေါ်လျှင်ကောင်းလေမလားရယ်လို့
ရင်တွင်းမှာဝေဝေဝါး
စဉ်းစားရဆဲ---။

ဘဝခရီးဖေါ်
ဖြစ်လာလျှင်တော်လေစွ
မျက်မာန်တော်ရှ
မုန်းသွားမှဖြင့်
ခင်ခွင့်ကလေး
ဝေးသွားမှာစိုး
တိတ်တခိုးနှင့်သာသူ့ကိုခင်
အကြင်နာ မေတ္တာ ယိုဖိတ်ငြားသော်လည်း
အစဉ်သာ ရင်မှာ သိုသိပ်ထား---။

သန်းစိန်

Read More...

2.7.09

အရပ်ကူပါ

ပါးပါး လျှပ်လျှပ်
သူစကပ် က
လေလှပ်တိုင်းကြွ
မှိုပွင့်လို လှသတဲ့--။

ပေါင်တံက ခပ်ရှည်ရှည်
သလုံးသား ရွေအိုရောင်လဲ့
တဒေါင်ဒေါင် တခွပ်ခွပ်
ဒေါက်ဖိနပ်နဲ့---။

ရွာလည်ခေါင်
ခွေးဟောင်လို့တအုံးအုံး
(အဘရေ)လို့ကုန်းကုန်းအော်
သစ်ပင်ခွကြားပေါ်က မိန်းကလေး---။

ရွာသားတွေ ပြေးပြေးပြီးကြည့်ကြ
မြို့ကြီးက ပြန်ရောက်စ မိအေး---။

သန်းစိန်

Read More...

27.6.09

ချိန်းတွေ့လေရာ


ချစ်သူတို့ ပီပီ
ပခုံးကို သူမှီလို့
သီကရီ တီတီတွဲ့
ချစ်ရဲ့လား မေး---။

ချစ်တာပေါ့ အချစ်ရယ်
သိပ်ချစ်တယ် အဖြေပေး---။

ဟုတ်သေးဘူး မောင်
ဘယ်လောက်တောင် ချစ်တာလဲ
ချစ်သဲ သိချင်တယ်---။

ဟောလောက် ကွယ်
ဟောဒီ လောက်
မိုးထက်တောင် မောက်အုံးမယ်---။

တခစ်ခစ် သူရယ်
ဖြစ်နှိုင်ဘူး ထင်တယ်တဲ့---။

ဟဲ့---ဟိုမယ်---
ချုံအကွယ်
အပျိုမယ် အရှုပ်တွေက
ပါးစပ်ဖျား လက်ဝါးနဲ့အုပ်
ပခုံးတွေလှုပ်လှုပ်ပြီး ရယ်ကြ
ဒို့နေရာကရွှေ့မှတော်မယ်---။ ။

သန်းစိန်


















Read More...

25.6.09

ရွေးတော်မူ
















ရွှေနှင်းဆီ ဝါဝါ
ပျားလိပ်ပြာ တရုံးရုံး---။

ပန်းခရေ
ပွင့်ကြွေက တကုံး---။

ခင်ကြိုက်ရာသုံးပေရော့---။

ရွှေနှင်းဆီ သူမခင်
ဆူးကောက်ကောက် သူမြင်တော့
ကြောက်သတဲ့လေး---။

သူ့ဆံကေ
ပန်းခရေ ဆင်သလို့
ယဉ်လှချည်သေး---။

သန်းစိန်

Read More...

21.6.09

ငါရေးသီရာ

********
ချစ်သူများတွက် လင်္ကာ
ကဗျာ ခြယ်မှုန်း
ပန်းတွေချည်း သီကုံးမယ်---။

မုန်းသူများတွက် လင်္ကာ
ငါ့ကဗျာ အားလုံး
တိုင်းဗုံးချည်း စီထားတယ်---။ ။

သန်းစိန်

Read More...

19.6.09

မသဝန်ကြောင်

တစ်ရွာထဲက
သူငယ်ချင်းမ နဲ့
လမ်းခွမှာ ကြုံ
စကားလက်ဆုံ ကျခဲ့တယ်---။

မာကြောင်း သာကြောင်း
ရွာအကြောင်း တွေ
ပြောမိလေရဲ့ လေရှည်ခဲ့၏---။

------------
-----------------။

လာခဲ့----အကို
ဟိုတနေ့ က
ဟိုဟာမ နဲ့
ချိန်းတွေ့ကြတာ
ဘယ်က ဟာလဲ
ကဲ--မှန်မှန်ပြော---။

ဟောဗျာ--ဒုက္ခပါပဲ
ချိန်းတွေ့ရတာ
မဟုတ္ပါ ခင္မ်
အဲဒါ ငါဒို့ရွာက သူငယ်ချင်းမ---။

မကျေနပ်တဲ့ စကားတခွန်း
ဟွန်း------
နှုတ်သီးလေး ချွန်းလို့---။

ဘာပြောကြလဲ
မသဲ မကွဲ
ကျမလည်း ကြားတယ်
အချစ်ရယ် ဘာရယ်နဲ့
ဟုတ်ရဲ့မှို့လား---။

ဟာ--သွားပါပြီကွာ--
ပါတယ်ဆို ကိုယ်အမှားပါကွဲ့
နောက်များ စကားမဆိုပါဘူ့
နှုတ်ပိတ်လို့နေပါ့မယ်
အချစ်လေးရယ်--နော်---။

မကျေနပ်တဲ့ စကားတခွန်း
ဟွန်း------တဲ့
နှုတ်ခမ်းက ရွဲ့လို့---။

တွေ့တဲ့ တချိန်လုံး
ရှင်က ပြုံးပြုံးပြတာ
ကျမ မြင်ရတယ်နော---။

ဟော--ဂွကျပြီ
ဒီတခါ မငြင်းချင်
ပြုံးမိလျှင် ကိုယ်အရှုံးပါကွယ့်
နောက်တခါ မဲ့မဲ့လေး နေပါ့မယ်
ကတိပေးပါတယ် အချစ်ရယ်---။

မကျေနပ်တဲ့ နောက်စကားတခွန်း
ဟွန်း------တဲ့
နှုတ်ခမ်းက မဲ့လို့---။

ခင့်အမေး ကိုယ်ကဖြေ
မေးခွန်းတွေ တရာနှစ်ရာ
ဟွန်းတခါ ကျောပြင်မှာတခါထု
ကျနော် ဘယ်သူ့မှ မဆက်ဆံဝံ့တော့ပါဘူးခင်မျာ---။ ။

သန်းစိန်

Read More...

17.6.09

ဥမင်လှိုင်ခေါင်း








ဥမင်လို့ ခေါ်တွင်
ယဉ်အောင်ပါ့ အမည်ပေး
တကယ်ဆို သေမည့်ဘေး
ပြေး ထွက်ဖို့ကျင်း---။

ကြောင်တွေရန် ကြွက်ကြောက်တော့
မြေအောက်မှာ ကျစ်စာကန်
ပုန်းခိုရန် အကြံထုတ်တဲ့
ကြွက်စုတ် တို့တွင်း---။

သန်းစိန်

Read More...

14.6.09

ကဗျာမရေးနှိုင်သောည

စီဘောက် အတွင်း
လက်ကမြင်း သွားကြ
လွမ်း စရာလေးတွေပါ့ ဗျာ
မြည်း ကြည့်ကြပါကုန်---။

ဗျို့---ကဗျာဆရာ
ခင်များစာ
ကဗျာ ဟုတ်ရဲ့လား
ဂါထာ မှုတ်နေသလားလို့---။

ဟေး---မင့်ကဗျာ
တရားဟော စာလား
ဆေး ကြော်ငြာလား
သိပ် မကွဲပြားဘူးကွ---။

အိုး---ကဗျာဆရာ
တော်လှန် ကဗျာ
ရေးစမ်းပါ
ဒါမှ ပြည်သူတွေ နိုးကြားလာမှာ--။

ဟာ---ခင်များ ရေးနေတာ
ဘယ် ကဗျာဟုတ်မလဲ
ကြေငြာချက် ထုတ်နေတာပဲဟာ---။

ဟေ့---ဒကာ
ကျေးလက် ကဗျာ
ရေး လကွာ
ဒါမှ မြန်မာဆန်တာကွ---။

ဦး----ရှင့်
ကျမ ကိုခွင့်ပြုပါ
အဟို့--အဟင့်နဲ့
လွမ်းချင့်ဖွယ့် ကဗျာ
သီ ပါလားရှင်---။

ကဲဗျာ---
ကဗျာဆရာ
ရူး ချင်လာပြီ
ခြင်တွေက တဝီဝီနဲ့
ဘာကဗျာ သီရမည်မသိ
စိတ်ရှုပ်လိုက်ပါဘိနော်---။ ။

သန်းစိန်

Read More...

8.6.09

ငယ်ချစ်ဦး


အချစ်ဦး ရေ
မှတ်မိနေတယ်
ဒို့ငယ်ငယ် ကလေးဘဝ
သိပ် ပျော်ခဲ့ကြတယ်နော်---။

ပန်းချုံကို ကွယ်
ပန်းနွယ်တွေ ကြား
အပြုံးအရယ် များနဲ့
တူတူပုန်း ကစားခဲ့ကြတာတွေ---။

လိုက်တမ်း ပြေးတမ်း
အမိ ဖမ်းကြေး
ရှုံးသူက မွှေးမွှေးပေး
ရှက်သွေးတွေ တကြွကြွနဲ့
ငါက အရှုံးဘက်ကပါ ---ဟယ်။

သီလက်စ ခရေကုံးလေး
ပေး မလိုလို
လက်ကို ပြန်ရုပ်
တခါ ထုတ်ထုတ်ပြ
နောက်မှ ပြန်ပြန်ဝှက်
ငါရှက်ရှက်နဲ့ဖက်ပြီး လုတဲ့အခါ
အားမပါတဲ့ အရုန်းအဖယ်တွေနဲ့
အပြုံး ဖလှယ်ခဲ့ကြတယ်---လေ။

အခုတော့----
ဘယ်ရပ်ကယ် ဘယ်ဌာနေ
ဘယ်မြေမှာ ရောက်
စိတ်ကောက်ရော့ လား
ပုန်းလိုက်တာ များ
ရှာမတွေ့နှိုင်တော့ပါလားကွယ်---။

လွမ်းတယ် ငယ်ချစ်ဦးရယ်
သိပ်ကို လွမ်းနေတယ်---။ ။

သန်းစိန်


























Read More...

7.6.09

Splinters of glass


Splinters of glass
*************

Emerald cool we may be
As water in cupped hands
But oh that we might be
As splinters of glass
In cupped hands

Poem by Aung San Suu Kyi

ဖန်ကွဲစများ
*******
လက်ခုပ်ထဲမှ၊ ရေဘဝမို့ ၊
ငါတို့  အေးမြရသော်လည်း၊
လက်ခုပ်ထဲက၊ ဖန်ကွဲစတွေ၊
ငါတို့ ဖြစ်ချင်စမ်းပါဘိ။

(ဘာသာပြန်-မောင်သာယာ)

Read More...

အန်တီစုအမှု့ ငမြတ်စံလျှောက်လှဲချက်

*************************
ဥပဒေကို လေးစား
သူမ အနေ မမှားခဲ့ဘူး---။

ရေကူး သမား
သူမ ဖိတ်ထားတာ မဟုတ်ဘူး---။

ဧည့်သည်ကို ဧည့်ခံ
မြန်မာ့ ဓလေ့ထုံးစံ---။

ဧည့်သည်ကို ကျွေးမွေးပြုစု
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့---။

ဒီပဲယင်း အရပ်
သူမကို သတ်ဖို့ကြံ
ဒင်း--တို့သာ တရားခံဖြစ်တယ်---။ ။

သန်းစိန်

Read More...

3.6.09

မာယာ

***********
သ င်္ဂီရွှေရောင် သူ့မျက်တောင်နှင့်

ညိုရောင်နက်ကော့ ရွှန်းကြော့မျက်ခုံး
သူ့မျက်လုံးက ညှို့ပြုံးဆွဲငင်
ရွှေစင်အသား ပတ္တမြားနှုတ်လွှာ
ကုမုဒြာတွင် သန္တာရောင်စို့
ပါးအို့နီရဲ ကိုက်ခဲစရာ---

(ဒေါင်းနွယ်ဆွေ)
(လောကသစ္စာကိုရှာဖွေခြင်းဝတ္ထုကဗျာရှည်မှ)

ဆရာဒေါင်း က
အလှ ကဗျာ
ဒီလို ဖွဲ့တာကို--လို့---။

မေးထောက်-
ဆေးသောက်ပြီး စဉ်းစားဆဲ---
ငါလည်း ခင့်အတွက် ဖွဲ့ဦးမှပဲလေ---။

ခင်ရေ---
သမင် မျက်လုံး
ခင့်မျက်လုံးကို ရှုံးသကွဲ့
ယုံဟဲ့ အချစ်လေးရဲ့---။

သမင် မျက်လုံး
မျက်ခုံး မပါ
ဘယ် လှမလည်းကွာ---။

ခင့်မှာ မျက်ခုံးရှိတာပဲ
အမာရွတ်ပါလည်း ပါပစေတော့
နှုပ်ခမ်းလေး ကော့ကော့နဲ့
တော်တော့ကို စွာတာပဲ
ခင့်ပါးစုံ နီနီရဲ
ကိုယ်လည်း ကိုက်ခဲချင်တာပေါ့---။

ဟော တော့ လို့အသံပေး
မာယာလေးနဲ့ ရှက်သွေးကြွ
လက်ညှိုးလက်မကို အသာကွေး
ဖွဖွလေး ချိန်ဆ
ကျုပ်လက်မောင်းကို ရွရွလေးလိမ်သဗျ
အကို-အိပ်ချိန်ကြပြီ--လေတဲ့---။

ဘယ်နေသာပါ့မလည်း
တခါတည်း ဗြုံးခနဲထ
ကုတင်ပေါ်ကမကျလို့တော်ပါသေး
အိပ်မက်ကလေး မဆုံးလိုက်ဖူးဗျာ---။

သန်းစိန်

Read More...

1.6.09

တစိမ်းလာရာ ဟောင်မိပါသည်

*******************
အလှမွေး ခွေးကလေး
ဖြူဖြူ ဖွေးဖွေး
လူစိမ်းလာ ဟောင်လိုက်သေး
ဝုတ်ဝုတ် သံပေး---။

သခင်ကျွေးတဲ့ အစာ
စားလာတာ ကြာပြီပဲ
ဝုတ်ဝုတ်တော့ ဟောင်ရမှာပဲ---။

တနေ့တော့ ဧည့်စိမ်းလာ
ခါတိုင်းလို ဟောင်မိရှာမှ
သခင်လာ ဆီးလို့ပိတ်---။

ဟိတ်--တော် တန် တိတ်---။

နံဘေး ပိတ်ကန်
ဂျွန်းပြန်လို့ အကျနာ
ခြေထောက်လေး တဆာဆာနဲ့
မျက်နှာလေး မသာမယာကွဲ့
ခေါင်းတခါခါ လည်တငဲ့ငဲ့---။

ညီမရဲ့ လာလေကွာ
အိမ်ထဲမှာ ဝင်ရအောင်
ဒီအကောင် မဟောင်ရဲတော့ပါဘူး---။

ကဲ--မျက်နှာ လုပ်ချင်အုံး---။ ။

သန်းစိန်

Read More...

31.5.09

တားပါရစေ-ခင်

**********

ညညဆို ကိုယ့်ရင်ထဲ
သူအမြဲ လာတယ်
ဘယ်ရပ်ကယ် ဘယ်ရွာကမသိ---။

သူလာလာ ကလိတော့
နေမထိ ထိုင်မသာ
အိပ်ရတာ ဘယ်ပျော်ပါ့မလဲ---။

ဟိုဒင်း ဟိုကဗျာတဲ့
ဘယ်လင်္ကာ ဘာရသ
ဘယ်ဂုဏ်က ဘာနဲ့
ဖန်ခါခါ ထပ်ခါထပ်ခါ ပြောပြန်တော့
စိတ်ဆိုးဟန် တမင်ဆောင်လည်း
သန်းခေါင်လွဲတောင် သူမပြန်
နှင်ရန်က ခက်ပါဘိ---။

အို--တစ်မိခင်ရယ်
နှိပ်စက်မယ်လို့ ကြံရော့သလား
အိပ်ပျက်တွေ အတန်တန်များပြီမှို့
တားပရစေတော့ ခင်ရယ်---။

ကြာကြာလာလျှင်
စေတနာတွေ တိုး
ဝေဒနာတွေ ပျိုးပျိုးပြီး
ကဗျာတွေ ညှိုးမှာစိုးတယ်ကွယ်
ခင်ရယ်--နောက်မလာပါနဲ့နော်---။ ။

သန်းစိန်

Read More...

23.5.09

ကျားရဲသို့










ကျားရဲကြီး တစ်ကောင်
ကျားပေါက်တွေ ရာထောင်နဲ့
ခြင်္သေ့အကောင်တွေ ဘယ်လိုကြမ်းကြမ်း
ဆင်အုပ်တောင် မိအောင်ဖမ်းမယ့်ကျား---။

ထောင်မင်းသား ဝတ်စုံကိုမပယ်
ထောင်ထဲမယ် နှစ်နှစ်ဆယ်ကျ
ထောင်ဘူးဝ ရောက်မှ ပြန်ဖမ်းခံရသေး---။

ဟေး---အကျဉ်းထောင်
အပျင်းတောင် ပြေသေး
နှစ်နှစ်ဆယ် လေးများ
ကလေး ကစားစရာ
ဆွေမျိုးများရွာ အလယ်သွားရတာကျလို့---။

နှစ်နှစ်ရာ ပြန်ကြပစေ
ပြည်သူတွေရဲ့ လွတ်မြောက်ရာရှာ
ပြည်သူ့ခေါင်းဆောင်ကို လာအားပေး
ဒီမီုကရေစီ ရေး
တိုင်းရင်းသား ရေး
အရေးရေးတွေကို လမ်းပြလို့ပေး
အေးအေး ဆေးဆေး
ထောင်နံဘေး
ငှက်ပျောသီးတောင် စားနေလိုက်သေး
ဟေးးးးးးးးးးးးးးးးးး
ပြည်သူအများ ဝိုင်းဝန်းအားပေးကြပါခင်များ---။

သန်းစိန်

Read More...

22.5.09

အလင်းကြိုတေး

*********

သောက်တော် ရေချမ်း
သစ်သီး ဆွမ်းနှင့်---။

နံ့သာ မွှေးထုံ
ဆီမီး စုံနှင့်---။

တံခွန် ကုက္ကား
မလေးပွား နှင့်---။

ဘုရား ဝတ်ပြု
နေ့စဉ်မှု လို
ကြေးစည်ကို ထု
ကုသိုလ် ယူစေ
အမျှ ဝေ၏---။

အို--မိမိ
မင်္ဂလာကြက်သရေ ရှိပါဘိ---။

ကိုယ့်ရင်တွင်းမှာ ပီတိဖြာ
စမ်းချောင်းတရာ
စီးဆင်းကာသွား
ကဗျာ စန္ဒယား တီးခတ်
အသံလှိုင်း အတက် အဆင်းကို မှတ်သား
အလင်းကြို တေးများ
ရေးသား မိချေပြီတကား---။ ။

သန်းစိန်

Read More...

18.5.09

ချစ်ဇနီးသို့

******

အချစ်ကြီးပေမယ့်
တနှစ် နီးရမယ် နီးရမယ်နဲ့
အနှစ် နှစ်ဆယ်ကွယ့် အချစ်ရဲ့---။

တသက် ဝေးတောင်
တမနက် လေးတောင်မှ မေ့မရ
ရတက် မအေးလှပါလား ကွယ်---။

အချစ်ဦး ပေမှို့
ရူးတယ်လို့ ဆိုချင်ဆို
သံယောဇဉ် ကိုက ဖြတ်မရသေး
အမှတ်တရလေးတွေ တမင် တွေးတွေးပြီး
အဝေးက ဆွေးပါဘိ
အချစ်ရယ် ပြေးသာလာချင်မိ---။

အေးလေ---
ကိုယ့်စိတ်ကို အသာဖြေ
သားသမီးတွေနဲ့ ပျော်ပါစေ--
ကိုယ်ခေါ်နေ သူ အလာခက်ရချည့်
တော်ကြာနေ ကိုယ်ပြန်မည့်အရေး
မဝေးဘူး မဝေးဘူးလို့ မှန်းကာတွေး
လွမ်းစရာလေးတွေနဲ့ တမြေစီခြား
(အချစ်ရေ)
ရွှင်လန်း---ရွှင်လန်း ချမ်းမြေ့ပါစေသား---။ ။

သန်းစိန်

Read More...

17.5.09

တရားခံ

*****

ဟေ့---ပုလင်း

မင်းကြောင့်---

ဒင်းနဲ့ ကွဲတာ---။ ။


သန်းစိန်
(ငမြတ်စံရဲ့ အတိုဆုံး သုံးကြောင်းကဗျာ)

Read More...

ရွာသို့ တခေါက်

*********

ခြူသံကလေး တလွင်လွင်
လှည်းယဉ်နဲ့ ရွာကိုပြေး---။

ထန်းရိပ်ညို တမာတောနဲ့
မန်ကျီး ကုက္ကို ထနောင်းပင် နှောပါတဲ့
ဇီး သရက်ချို ငှက်ပျောတွေ ပေါပေသကွဲ့
တောကျကျ ရွာကလေး---။

လမ်းတခွင်
လှမ်းမြင်သူ မိတ်အပေါင်းက
နေကောင်းလား မေး---။

ရွာဝင်က ကန်ရေပြင်
စိမ်းလဲ့လဲ့ ကြည်ကြည်လင်
ဗေဒါပင် လှုပ်လှုပ်ဘေး
ဗျိုင်းအုပ်က ဖွေး---။

နွားကျောင်းသား ကိုလူပျို
ပုလွေတို ကြူသံပေး
လွမ်းချင်ဖွယ့် တေး--။

လှပျိုဖြူ ညိုပြာညက်
ပါးပေါ်မှာ ပါးကွက်ကလေးနဲ့
ရှက်တတ်ချေ သေး---။

အိမ်ရောက်တော့ အမေအို
ဆီးတဲ့လို့ ကြို
မျက်နှာပေး ချိုချိုနဲ့
တဘက်ကလေး ကပိုကယိုနဲ့
သားမောင်ကို ရေချိုပေး
့ အေးပါဘိ---လေး။ ။

သန်းစိန်

Read More...

16.5.09

မျှော်တော်ယောင် အရက်သမား

*******************

မိုးစုံးစုံးချုပ်နေပြီ
ဘာလုပ် နေလည်းကွာ
ခုထိ ပြန်မလာ သေး
ခွေး---မ
ခွေး----မ---။

တောက်----
ခိုင်းလိုက်ရ
ဘာတခုမှ စိတ်မချ ရဘူး---။

ဟူးးးးးးးးးးးးးး---။

ရှောက်ပင်ကွေ့
နောက်လင်နဲ့ တွေ့နေလားမသိ---။

ညည့် တော့လား---။

အေးလေ--
ကလိမ်ခြုံ နံဘေး
ထမီခြုံ ကွေးချင် ကွေးနေမှာ---။

မြန်မြန် လာ
မြန်မြန် ပြန်လာ---။

၂ခါ ၃ခါ
၂ခါ ၃ခါဗျာ
မှာလိုက်တာ အထပ်ထပ်---။

အင်း----
ဒင်း--တော့လား
ပုလင်း မပါ
သေဘို့သာ ပြင်ရော့---။

ဝေါ့--
ဝေါ့----
ဝေါ-----။

(အံချလိုက်တယ်----။)

ဘုရား---
ဘုရား---
ဘုရား-------။ ။

သန်းစိန်

Read More...

14.5.09

နွေဘွဲ့ (ရတု)

*********

နွေဦးရာသီ။ ။ရော်ရီရွက်ဟောင်း
မြေလျှောင်းကြွေသက် ရွက်သစ်ထွက်သော်
ကန့်ကော်လှိုင်လှိုင် မြိုင်မြိုင်ရင်ခပ်
ထပ်ထပ်အင်ကြင်း ငုဝင်းဝင်းနှင့်
ရွှန်းရွှန်းသပြေ မြေဇာစိမ်းစိမ်း
လေလာတိမ်းကြ ယိမ်းအကပြိုင်
ပိတောက်ခိုင်ညှာ မွှေးလေ၏---။

လေမြူးကာချီ။ ။မိုးနတ်စည်လည်း
မြည်သံချိန့်ချိန့် မိုးတိမ်နိမ့်ပြာ
မသည်းပါဘဲ တဖွဲဖွဲနှင့်
ဝမ်းနည်းစိတ်မှာ ဟာသလိုလို
ဘယ်ဆီကိုတမ်း ဘယ်ကိုလွမ်းရ
မှန်းဆမနိုင်
တယောက်မှိုင်ကာ ဆွေးလေ၏---။

ဖြေဖူးပါသည်။ ။မြန်ပြည်ဋ္ဌာန
ဝေးကွာစွဟု စိတ်ကရမ်းရော်
မှန်းဆမျှော်မိ ဖမိရှိရာ
အညာရွာလေး ရေးရေးမြင်လို့
ထန်းညို့ညို့နှင့် မို့မို့ရစ်မှောင်
ပုံတောင်ပုံညာ နောက်ခံပြာထား
ပန်းချီကားသို့ ရှု့စားမဝ
အလှစုံမြိုင်
မရောက်နိုင်ကြာ ဝေးလေဘိ---။ ။

သန်းစိန်

Read More...

13.5.09

တုန်လှုပ်မိပါပြီ

*********

ပင်ချင်းရယ် ဆိုင်
အင်ကြင်းမြိုင် ဟိုအကွေ့ကို
သူခေါ်၍ လိုက်ခဲ့တယ်---။

တောအဝင်
ကျောခြင်တွေ ချမ်းပါဘိ
သုဘဒ္ဒါ ဇာတ်လမ်း
စိတ်မှန်းနဲ့ မြင်
အို--ပြန်ချင်တယ်လေ့---။

အင်ကြင်းငုံ
လေပြင်းဟုန် လာအလှုပ်မှာ
ခါချင် တုပ်တယ်လို့
မာယာလုပ် အကွက်ဆင်
စွဲချက်တင်လျှင်ဖြင့် မခက်လား---။

ဆင် ဆဒ္ဒန် အစွယ်ရှိပေလို့
သင် မြတ်စံ အစွယ်မရှိလေတော့
ရှိတာသာ ဖြတ်ကာပေးရလျှင်
ခွေးစွယ်တောင် တုံးတိ---။ ။

သန်းစိန်

Read More...

12.5.09

အကျဉ်းတန်

********

ဒီနေ့
ကဗျာရွာတွေကို လျှောက်လည်တယ်
ကဗျာဆရာတွေရဲ့ ကဗျာဟာ
သိပ်ကို ကဗျာ ဆန်ကြတယ်ဗျာ---။

နိမိတ်ပုံ ရသမ်တွေ လွှမ်းပြန်တော့
ဆန်း သမျှ အဆန်း
လန်း သမှ လန်း
ရောင်စုံပန်းသို့ အလှဝေ---။

ကဗျာဆရာတွေလည်း
ကဗျာတွေလိုပဲ
ကဗျာဆန်ကြမှာပဲ လေ---။

ကဗျာတွေ လှတော့
ကဗျာဆရာတွေလည်း လှကြပေမယ်ပေါ့---။

ဟော--ဒီက(ငမြတ်စံ)
အကျဉ်းတန်ရတာက
ရှေးဟောင်းစာ ကြေး ပုရပိုဒ်
မကျီးမှဲ့နဲ့ တိုက်သလို
ဝင်းလာလို လက်လာငြား
ခွေး တံဆိပ် ဓာတ်ပြား
ဖွင့်မိလျှက်သား ကို---။

သန်းစိန်
(မကျီး=မန်ကျီး)

Read More...

10.5.09

ချိုလိမ်

****
ယောင်္ကျားက ပန်းရံလုပ်
မိန်းမက အုတ်သယ်
နားရတယ် ရှိဘူး---။

ကလေးငယ် သူ့အဖွားနဲ့
ထားခဲ့တယ် တနေကုန်ပါ့
လမှ လကူး---။

မြေးဦးမှို့ ချစ်ရှာတယ်
လမင်းနှယ် ကြည်နူး
ကလေးငယ် ဘူးမှုတ်လို့မြူး---။

ရှူးရှူးတွေ စိုကာရွှဲလေမှ
တဝဲဝဲ ငိုရှာ
ချိုဆာလောက်ပြီ လေ့---။

အဖွားအို နို့ပိန်က ချပ်ချပ်
ကလေးပါးစပ် ခွံ့ကာတတ်ပါလို့
ငယ်မူအကျင့် တေးဆိုကာ
ချော့ရှာပေါ့ မြေး---။

ရွှေလမှာ ယုံဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ခိုဖြူ ခိုပြာနက်ကယ်
ဖမ်းခက်လှလေး---။

စို့လေ ကလေးရဲ့ စို့စို့
နို့ချိုတိုက် ကျွေး---။

မျက်လုံးရယ် ကြောင်တောင်တောင်နဲ့
ဖါးကောင်က သေး
တိတ်တော့ကွယ့် လေး---။

အို အိုး အို့ အေး---။

စို့ကွဲ့ ကလေးရဲ့စို့စို့
ဝအောင်စို့လေ---။

ကြောင်အိုပေမှေး
ကိုက်ပါနဲ့လေး
အဖွား မြေး---။

အို အိုး အို့ အေး---။

အိပ်တော့ကွယ့် လေး---။ ။

သန်းစိန်

Read More...

8.5.09

မွေးနေ့

*****

ကဆုန် လဆန်း (၃)ရက်
မနက်ခင်း
ဝေလီ ဝေလင်း
အမေဟာ ဗိုက်ကြောတင်းလို့
အခင်းလေးသွားဘို့ အိမ်အောက်ဆင်း
ကျွန်တော့ ကိုမွေးဖွားခြင်းဖြစ်တယ်---။

ဟာ--မြေတလင်းမှာပါလား
သားလေးကွ သားလေး
အဖေက ဆန်ကောလေးပြေးယူ
ပုဆိုးစုတ် ထူထူနဲ့ ထွေးနေဆဲ
အူဝဲလို့ ကြွေးကြော်
ကျွန်တော် လူ့ပြည်ပေါ်ရောက်ခဲ့တာပေါ့။ ။

ဝန်ခံချက်။ ။မွေးနေ့တုန်းက မိတ်ဆွေများထံ သတင်းပေးရန်ရေးခဲ့ပါသည်။
ပြန်စဉ်းစားတော့ သတင်းပေးလျှင်ပုလင်းပါပေးရမည်ဖြစ်၏။
ပုလင်းကြေး မတတ်နိုင်းသေးလို့ ရက်ခပ်ဝေးဝေးခြားပြီး ဒီပို့စ်ကိုယခုမှ တင်လိုက်ရပါကြောင်း။

သန်းစိန်

Read More...

7.5.09

တောသူ

တောသူမ မိနှင်းဝေ
ထင်းခွေရာ ဆူးခက်ညိလေတော့
လုံချည်မှာ ဒူးထက်ထိ ပြဲ---။

အိမ်ပြန် ရောက်အောင်ပါ့
ကြောင်လေးလို လမ်းကိုလျှောက်ရတယ်
သူလည်း ဘယ် ခေတ်နောက်ကျ မလဲ---။ ။

သန်းစိန်

Read More...

5.5.09

အမေ့ရွာ

******

အမေ့ရွာ
သာပေစွ ရှုခင်း။

နေညိုညို
မေပျိုတွေ ရေချိုခပ်ချိန်မှို့
ကန်စပ် ကိုဆင်း---။

အမေ့ရွာ
သာပေစွ ရှုခင်း။

နေညိုညို
ကိုလူပျို ပြွေတို မှုတ်ပါလို့
နွားအုပ် ကိုသွင်း---။ ။

သန်းစိန်

Read More...

3.5.09

ဒို့များအသဲ နီဆဲပင်











နွေကလည်း နွေ
ပူပါစေ ပေါ့
ဆယ်နေ ကဲချင် ကဲလိုက်ဦး---။

မိုးခါလည်း မိုး
ရွာစွေဖြိုး လို့
မိုးကြိုး ထစ်ဟီးလို့
မိုးသီးကြီးတွေ ကြွေလိုက်ဦး---။

ဆောင်းခါလည်း ဆောင်း
နှင်းကြွေညောင်း လို့
လေပြေလောင်းချင် လောင်းလိုက်ဦး---။

နွေကို အံတု
မိုးမမှု ဘဲ
ဆောင်းလည်း မကြောက်
ဒို့နှစ်ယောက် သည်
ခမောက် အတူ ဆောင်းခဲ့ပြီ---။

ယခုတမူ
သူကား အရှေ့
ကိုယ်ကား အနောက်
တစ်ယောက် တစ်ကွဲ
ဒေသလွဲ လည်း
ဒို့များအသဲ နီဆဲပင်---။ ။

(ပန်းစကားမဂ္ဂဇင်း အမှတ်-၁၆)
သန်းစိန်

Read More...

29.4.09

ကန်စွန်းခင်းလေး မာပါစေ







ကြက်သား ဝက်သား
ဈေးကများ သနဲ့
မစားချင်နဲ့ ရှင်မရေ---။

ကြက်ငှက် တုပ်ကွေး
ဝက်တုပ် ကွေးတဲ့
သေးသေးရောဂါ မဟုတ်ဖူးနော---။

ဟော-----

အိမ်နောက်ဖေး က
ကန်စွန်းခင်း လေး
ပြေးကြည့် ဦးမှ---။

ဥုံ----ဖွ---

ကန်စွန်း တုပ်ကွေး
ဝေး ပါစေ--ရှောင်ပါစေ---။

သန်းစိန်

Read More...

28.4.09

ဘလော့ဂါ (စည်တော်သံ)

*****************

မြန်ပြည်ကြီး စည်စေ သောဝ်
ရည်မျှော်ကာ မှန်းကာ ဆပါလို့
ဘလော့ဂါ ရယ်တဲ့ပို့စ် အသစ်ရှာ
စာကဗျာ ယဉ်တာ တွေးလို့ရယ် ရေးစပ်ကြမှာ
စဉ်အလာ မယှဉ်သာတဲ့ စာသွား
ဒို့ပြည်ထောင် ညီနောင်များတို့ရယ်
ညီကြစေသား----။

လွတ်လပ်စွာ တွေးကာရေးကြပါခင်မျာ့
ရှေးရှေးက နမူနာ
ဘယ်မျက်နှာ ဘာကိုမှ မလိုက်ကြပါနဲ့
ရေးထိုက်တာကိုတော့ ရေးရမှာ
ဒို့ခေတ်သစ် မီဒီယာ ညီညာကြ ဒီအရေး
ပြည်တော်မှာ စည်တော်တေးတွေနဲ့
ငြိမ်းအေးစေ့လေး---။ ။

သန်းစိန်

Read More...

25.4.09

ချစ်၍ခေါ်ရာ

*******

လူသတ်ကောင် မိုင်းကွင်း
မြေမြှုပ်မိုင်း ရှင်းမယ်လို့
လိုက်ခဲ့ပါ့ လှယမင်း---။

သူ့ဆံကျင် ကျွဲဂျိုဝှေ့ သလိုပ
ခေါင်းခါ၍ ငြင်း---။ ။

သန်းစိန်

Read More...

22.4.09

ချစ်သူချော့ တေး









မောင့်ချစ်သူ ဖြူဖြူနွဲ့ရယ်က
အငိုနဲ့ မျက်ရည်လွယ်
နွေအလယ် ပူသတဲ့ အိုက်တယ်---။

ကမ္ဘာတောင် သူ့မအေးရှာဘူ့
ပူနွေးသတဲ့ အချစ်ရယ်
စိတ်ဖြေကွယ့်--နော်---။

ဖြေနှိုင်ဘူး မောင်
ပူပူုလောင် ဒီလောက်အိုက်လေတော့
နေထိုက်ဖူး သေချင်တာ
ဘယ်လိုရှင် ဘယ့်နှာ နေရမှာလဲ--တဲ့
သိပ် ချွဲတယ် ထင်---။

ငိုပါနဲ့ ချစ်သူခင်ရယ်
ဂျင်းပင်တို ရှိုကာ ထားလျှင်ဖြင့်
လေအဝင် တင်ပါအေးပေလိမ့်
တိတ်တော့ကွယ့် လေး---။

အို အိုး အို့ အေး---။ ။

သန်းစိန်

Read More...

19.4.09

စိမ်းနှမ အလိုကျ

**********

အလှ တစ်ရာ
မြပုဝါ လျှင်
တမင် ရှောင်တိမ်း
မကြင် စိမ်းကား
မောင့်သဲကြား တွင်
ပင်စိမ်းပင်တွေ စိုက်လေ၍---။

မောင်သဲလွလွ
တူးဆွမြေတောင် မြှောက်ပါ၏---။

မောင့်မျက်ရည်စ
သွန်းချ မိုးရေစွေပါ၏---။

မောင့်စိမ်းနှမ အလိုကြပေါ့
စိမ်းသမျှ အစိမ်း
စိမ်းတက စိမ်းတဲ့
ဂွေးတောက်လို စိမ်းစေဗျား---။

သန်းစိန်

Read More...

17.4.09

ခေတ်သစ် ဒဿဂီရိ

*************

ရာမဇာတ် ဖတ်ကြည့်တော့
ဒဿဂီရိ
ခေါင်းဆယ်လုံး အတိ---။

ယုတ်ရင်း ကြမ်းတမ်း
အမြဲတမ်း ခက်ထန်
အကျည်းတန် ၏---။

(ငမြတ်စံ)တွေ့ကြုံ ဆုံဖူးသည်က
ချောမော လှပ နှုတ်ချို မြနှင့်
ယဉ်စ အနေ ညင်သာပေ၏
မာယာ အပြည့်---။

မျက်နှာ တစ်ရာ ခေါင်းတစ်ရာလည်း ရှိ
မိန်းမ ဒဿဂီရိ---။ ။

သန်းစိန်

Read More...

16.4.09

နှစ်သစ်ကို ကြိုဆိုခြင်း

******************

တနှစ်လုံးက အညစ်အကြေး
အတာရေနှင့် ဆေးပြီးပြီ---။

အဟောင်း အဆွေးတွေလည်း
မြောင်းဘေးမှာ ထားခဲ့ပြီ---။

ကွဲနေတဲ့ အသဲ
ပုလင်းထဲ စိမ်ပြီးပြီ---။

နှစ်ဆန်းရက်
ဥပုသ်လည်း ထွက်လိုက်ပြီ---။

နှစ်ဟောင်းကို စိတ်မှာမပျောက်ပေမယ့်
နှစ်သစ်ကိုဆက်ခါ လျှောက်တော့မှာမှို့
ခွက်မြှောက်ကာ ကြိုဆိုလိုက်ပါတယ် ခင်များ
(နှစ်သစ်ရေ)
ချီးယား ပါဗျို့---။ ။

သန်းစိန်

Read More...

15.4.09

သိကြားမင်းလည်း တဒုက္ခ









နေပြည်တော် သိကြားဆင်းတော့
ခွေးခြင်းက ဟောင်
ဟောင်ပေမှာပေါ့ သိကြားဆွေ
ခွေးသားရေ သင်သုံးလို့
ခွေးပြုန်းပြီ လေ----။

ဗိုလ်ချုပ်တွေ စာရင်းကောက်
ပုရပိုဒ် မလောက်နှိုင်
တိုင်ချင်ရာ တိုင်
သိကြားကိုယ်တိုင် ချိုးကာဖေါက်တယ်လေး
ခွေး အခွင့်အရေး---။

သန်းစိန်

Read More...

13.4.09

မကောက်ရဲတဲ့ ပိတောက်

****************

သင်္ကြန်မှာ လမ်းထွက်လျှောက်
ပိတောက်ကို တွေ့၏
နွမ်းရိရိ ခပ်ကြေကြေ
ပန်တော်ကျ နေမှာပေါ့---။

ရိချင်ရိ ကြေချင်ကြေ
အလွမ်းပြေ သည်ပိတောက်
ခြောက်ချင်လည်း ခြောက်စေတော့---။

ကောက်သိမ်းမည် စိတ်မှာတွက်---။
(1)-----------------
(2)---------------
(3)-------------
(4)-----------
(5)---------
သြော်---အေအိုင်ဒီအက်စ်။ ။







သန်းစိန်

Read More...

ရေပက်သူ လှပျိုဖြူများနှင့် တွေ့ဆုံခြင်းး

**************************

ဥပုသ်သယ် လိုလိုနဲ့ (သည်)

ပုတီးကို အယောင်ပြသော်လည်း

"တကယ့်ကို ဥပုသ်ရသလားရယ်လို့"

ပါးနားကပ် မေးကြတယ်

"ရတယ်ကွယ့် ရတယ်"

(ပါးစပ်ဟတာနဲ့ အနံ့ရတယ် ထင်ပါရဲ့)

လိမ်မိတယ် နောက်တပြစ် ဟာမှို့

နစ်နေအောင် ခေါင်းကလောင်းပါလို့

အိုးမဲပါ ဆွဲကာသွားကြတယ်

(ငမြတ်စံရယ်)

သောက်ရှက်တကွဲ---။ ။

သန်းစိန်

Read More...

12.4.09

အိုဘယ့် ချစ်သူ



ကိုယ်---
ဆေးရုံတက်ခိုက်---။



မင်း---
လက်ထပ်လိုက်တယ်နော်---။

--------------
--------------
နှစ်အတန်ကြာသော်---။

မင့်မျက်နှာ ခြေနဲ့ကြောက်
ရှူးရှူးပေါက်သေး
ဘာ့ကြောင့် ချိုချိုကျွေး
ငါ့ကို မွှေးနေသေးလဲ---။

ကဲ--ကိုယ်က လူဝင်စားလေး။ ။

သန်းစိန်

Read More...

11.4.09





စုဆောင်းမိသမျှ
**********
လောဘ
ဒေါသ
မောဟ ဆိုတဲ့
အတ္တ ဥာဉ်ဆိုး

ငါ့သား
-မြေး
-မြစ်
-တီ
---တွတ်
ထွဋ်မြတ် ပြုစေ
အမွေ တခု
ငါစု ထားတယ် ။

---စိန်
---ရွှေ
---ငွေ
---မြေ မဟုတ် ။

တိုက်တာ ပတ္တမြား
စပါး
ကားလည်း မဟုတ် ။

ကဲ--ရော့--ယူလေ

အမွေ အနှစ်
တိုင်းပြည် ချစ်စိတ် ။ ။

သန်းစိန်
ပန်းစကားမဂ္ဂဇင်း-အမှတ်(၂ဝ)

Read More...

10.4.09

လက်ဆောင်

*******

ချိုချို အေးပါလို့
ဆိုတေး အသံသာဘို့
ထံတျာ ကဗျာရေးကာမှ
ငိုကြွေး အသံပါသည်ထင့်
ဆွေးချင့် သဖွယ်---။

အခြေ မကောင်းသော်ကြောင့်
ရွှေ့ပြောင်း ကာရံရှာလည်း
မဖန်သာ ခါမဟုတ်ပြီမှို့
ခွါဆုတ်ကာ သည်အရေးကို
ဝေးနေမှ တော်မယ်---။

တစ်ဘဝလုံးသာပါ့ မေရယ်
အလှဆုံးကို တမင်ရှာပါလျက်
မကြင်နာ ဘယ်အတွက်ကယ်ကြောင့်
သွေပျက်ဖို့ ကြံရွယ်
ပျက်ပျယ်ခဲ့ ဘယ်ဝ​​​​ဋ်ကြွေး---။

လှသက်ဆွေရယ်
ကျမျက်ရေ ဖြိုင်ဖြိုင်ဝေလို့
ကံခေသူ မဆိုမပြောပေမယ့်
ဖိုမောအောင် လက်ဆောင်တေးကို
ရေးဖွဲ့လို့ ပေး---။ ။

သန်းစိန်

Read More...

7.4.09

ပြဿဒါး



*****

တွေ့ရတာ ခဏလေးပေမယ့်
ည တရေးမှ မပျော်---။

အပြော ခက်လေတော့
နှမြောရက်ကယ်နဲ့ ငိုချင်သလို
ဟို အရင်လိုမှ မဟုတ်ပါပဲ
ခွဲကြစို့ နော်---တဲ့---။

စွဲချစ်သူမှာ
သဲနစ်အောင် အပူဖြာရဲ့
နုံလေတယ်ဟဲ့ ငါ့ကံပဲ---။

မေတ္တာ အကုန်
သူ့ထံမှာ ချစ်သဒ္ဒါတွေ ပုံလို့
စိတ်အာရုံ စွဲ---။

ခုခါမှာ စေတနာ ဝေဒနာ ဖြစ်ခြေပေါ့
ခွေကာရစ်လာတဲ့ သံယောဇဉ်
သည်အမျှင် ဘယ်လိုဖြတ်ရပါ့
ရူးမတတ် ချာချာလည်
မကြည်မသာနဲ့ စိတ်ထွေပြား
ဒီနေ့ဟာဖြင့် ကိုယ့်အတွက် ပြဿဒါး---။

မေတ္တာငယ်ခြုံ လုံမယ်လို့ထင်စား
တံတိုင်းတွေ ကာရံထားပြီပါ့
ဂုဏ်တွေ ဓနတွေက ခြားပြန်တော့
ကဗျာသမားမှာကွယ်
ကာရံသာ ကြွယ်တာကလားရယ်လို့
မာန်လျှော့ကာ ဟန်ဆောင်ထိန်းရတယ်
အချစ်ရေ မင်းတကယ်
စိမ်း စိမ်း စိမ်းတော့မှာလား---။ ။


မှတ်ချက်။ ။(ငမြတ်စံ ငယ်စဉ်က အကြောင်း အပြန်ပြောင်းလို့သတိရ
အရူးထပြီး ရေးချသည့်စာ ကဗျာမဟုတ်)

သန်းစိန်

Read More...

5.4.09


ဖြစ်မှဖြစ်ရလေ
*********

လမ်းတလျှောက်
ပန်းပိတောက်တွေက
လျှမ်းတောက်လို့ ထိန်ထိန်ဝါ---။

ရက်မြတ်ကယ်သည် ချိန်ခါ
လှကညာ တစ်ယောက်
ပိတောက်တွေ ပွေ့
ကိုယ့်လာတွေ့တော့
ပျော်မွေ့စရာ---။

မိုက်ပါဘိ မြတ်စံရာ
ပိတောက်တွေပွေ့
ဘယ်သူက မင့်လာတွေ့မှာလဲ---။

သည်ကဗျာ မဟုတ်တရုတ်
ဖြဲလို့သာဆုပ်----။ ။
-

စာကြွင်း။ ။(ငမြတ်စံ သင့်ထံ ပန်းတွေပွေ.၍ လာတွေ့မည့်သူသည် နတ္ထိ-မရှိ ။
သေမင်းကသာ သင့်ကိုတွေ့ရန်ရှိ၏ ဂဏှာဟိ-မှတ်လေလော့)

သန်းစိန်

Read More...

4.4.09

ဘုရားခန်းထဲက အမေ
**************

ဟို-ခင်တန်း
ပိတောက်ပန်း ပွင့်ပြီကွဲ့---။

သားရေ--သွားသွား--
ဘုရားပန်း ထိုးဘို့
ပန်းတစ်အိုးစာ ချိုးခဲ့---။

ပိတောက်ရဲ့ ဝါဝါ
ဗုဒ္စမြတ်စွာ ရှေ့---။

ဆိပ်ငြိမ်စွာ အမေ့ကိုတွေ့တော့
စိတ်အေး ချမ်းမြေ့---။ ။

(တမလွန်မှ မိခင်သို့ ကန်တော့ပန်း)

သန်းစိန်

Read More...

3.4.09

ထန်းရည်ဝိုင်း


ထန်းရည်ဝိုင်း
********

ယောက်ဖရေ
ဒီညနေ
ထန်းရေတမြူနဲ့ (ရည်)
ပဲကြီးလှော်ယူခဲ့----။

လသာသာ
ငါ့အိမ်မှာ ဝိုင်းဖွဲ့ရအောင်
ဟိုကောင်တွေပါ ခေါ်ခဲ့---။

ဆေးပေါ့လိပ်နဲ့ ပဲကြီးလှော်
အမြည်းက ဒါဆို တော်ရောပေါ့---။

ကော့လန်လန် အုန်းမှုတ်ခွက်နဲ့
တယောက်တလှည့် ငှဲ့မော့ကြမယ်လေ---။

ပြီးတော့ စာအကြောင်း
ကဗျာအကြောင်း
အားကောင်း မောင်းသန်ငြင်းကြမယ်---။

နောက်တခါ
ရွာအကြောင်း ရပ်အကြောင်း---အစုစု
သာမှု့နာမှု့ ဘယ်လိုပြုကြမယ်---
မိုးယိုနေတဲ့ စာသင်ကျောင်း ဘယ်လိုပြင်ရင် ကောင်းမယ်----(လျှင်)
လုပ်အားပေးက ဘယ်နှစ်ရက် ကျန်သေးတယ်---
ပေါ်တာကြေးကို ဘယ်လို ပေးကြမယ်---
ဘယ်သူ့ကလေး စစ်သားစုဆောင်းရေးမှာ ပါသွားတယ် ----
ရွာထဲရပ်ထဲ စကပ်ကွဲနဲ့ မိရွှေသဲတို့ ကဲကြတာလည်း ပါရမယ်---
ကျုပ်တို့က ကာလသားတွေကိုးဗျ---။

နောက်ပိုင်းကြ
ရွာထဲက အနေရိုးတွေ အကြောင်း---
-------------------------
------------------------
------------------------။

အရှိန်လေး ရလာတော့---
ဗိုလ်ကြအုပ်စိုး ဆိုးနေတဲ့ မအေ-ိုးတွေ အကြောင်း---
ဗျောင်းဆန်အောင်ဆဲကြ---ဆိုကြ
တော်တော်လေး မူးကြပြီ---။

---------အကြောင်း
---------အကြောင်း
---------အကြောင်း

ဇာတ်ပေါင်းတော့
ယောက်ဖက ခေတ်မကောင်းလို့---တဲ့
ဟိုတကောင်က စနစ်မကောင်းလို့---တဲ့
အားလုံး သဘောတူတာက
ခေတ်ရော စနစ်ရော ပြောင်းရမတဲ့ဗျာ---။

ကဲကဲ--လက်ကျန်ငှဲ့လကွာ---
နောက်ရက်မှာ ဒီကောင်အိမ်
ဟိုနောက်ရက်မှာ ဟိုကောင်အိမ်
ဒို့အချိန်မှန် ဆုံကြမယ်လေ
နှုတ်ရေ တပြင်တည်းပေါ့ကွာ---။ ။

သန်းစိန်

Read More...

1.4.09




နှိပ်စက်တဲ့နွေ
*********

ခါနွေဦး
ညောင်းရွက်တွေ ညှာမြေလူးချိန်မှို့
လာလေရူးငယ်က တသုန်သုန်---

ပိတောက်ငုံ ပုရစ်ဖူးတွေက
နှစ်ဦးကိုကြိုသည့်ပုံ---

ဖေါ်မစုံ ငိုမြည်ကြွေးရှာတဲ့
ဥသြလေးရဲ့တေးသံစုံ
ဆွေးဖို့သာ ကြုံပါရော---

ငမြတ်စံ တကိုယ်တည်းမှာ
ပိုပြီးသာ ရင်မော-----။ ။

သန်းစိန်

Read More...

18.3.09

မတ်လ ဇာတ်ကြောင်း
**************
နွေဦးအစ လေရူးကထပြီ--
လက်ပံတွေလည်း ဖူးကြ ပွင့်ကြ မီးတောက်ကြီးတွေထနေသလို ရဲရဲကို နီနေကြပါပြီကော--။

အော်---မတ်လ မတ်လ မြန်မာလိုကြ တပေါင်းလ နှစ်ကုန်တော့မည့် အခါသမယ ပေပဲ--
ဒီအချိန်ပ--လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ရရာဒါးလှန်တွေကိုချွန်သ သတ္တိကိုပြပြီး ဒို့အဖိုးအဖွားတွေက ဖက်ဆစ်ဂျပန်ကို အမြစ်ပါမကျန် တော်လှန်ခဲ့ကြတာ--
တယ်လည်း ညီညွတ်ခဲ့ကြသကိုး---ဗျ---။

ဒင်းတို့ကို တော်လှန်ခဲ့ကြတာက လွတ်လပ်ရေးပေးပါ့မယ်လို့ ကတိတွေထား စကားမှမတည်ကြတာ---ပေးတာကအတုကြီး
ကျွန်သဘောက်ဘဝ အရှင်လတ်လတ် ငရဲရောက်ကြရတာကလား---
အသတ်ခံရ အဖြတ်ခံရ ညှင်းပန်းခံရ နှိပ်စက်ခံရ အမျိုးသမီးတွေဘဝကတော့ ပြောမပြောချင်တော့ပါဘူး
တစ်တိုင်းပြည်လုံး ဒုက္ခတွေ အနန္ဒပေါ့---။

ဟော--အခုကြတော့---
ပြည်တွင်းဖြစ် ဖက်ဆစ်နဲ့တွေ့ကြရပြန်ပြီ--
တက်လာစ အမည်က နဝတ--တဲ့
ဘာကွာကြလို့လည်းဗျာ---
သူလည်း ကတိတွေပေးပါတယ်--
ရွေးကောက်ပွဲပြီးတဲ့အခါ အနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျှားပြန်မယ်တဲ့--
မင်းမှာသစ္စာ လူမှာကတိနော်--
ရွေးကောက်ပွဲကြီး ပြီးပါပြီခင်မျ--(၉၀)ခုနှစ်က---ပေါ့
လွပ်လပ်ပြီး တရားမျှတလို့ ကမ္ဘာကတောင် အံ့သြယူရတယ်--
ကဲ--ဘယ့်နှယ်လည်း ပေးထားတဲ့ကတိ တည်ကြသေးလား--
ခေါင်းမာလိုက်သမှ နအဖ လို့တောင်အမည်ပြောင်းထားလိုက်သေး--
ဒီမိုကရေစီအရေး ဝေးလို့--ဝေလာဝေး--လို့--
ဒီမိုကရေစီလို့အသံပေးလျှင် ကလေးသော လူကြီးသော သဃာံကော သီလရှင်ကော ကိစ္စချောသွားနိုင်တယ်နော--။

လူ့အခွင်းအရေး နဲနဲလေးမျှအပြောမခံ အားလုံးထောင်နန်းစံသွားရမယ် မှတ်။
နန်းသက်က ရှည်ပါဘိသနဲ့---
မေတ္တာလေးပို့တာတောင် သတ်တဲ့အကောင်တွေ---
ပျံလွန်တော်မူရှာတဲ့ သဃာံတွေ နဲမှမနဲပဲ--
ဘယ်လိုလုပ် သာသနာ ထွန်းတောက်နိုင်မလဲ---
ဒီအထဲ ဘုရားတည်သေးဆိုလား--
မျက်နှာပြောင်သလားမမေးနဲ့ တရွေးမျှအရှက်မရှိကြဘူး--။

တိုင်းပြည်အရေးကတော့ ရင်လေးစရာတွေချည်း---
ဒီမိုကရေစီအရေး လူ့အခွင့်အရေး တိုင်းရင်းသားအရေး ဘယ်အရေးမှစိတ်မအေးရဘူး---
ဒီအထဲ ၂ဝ၁ဝ ဆိုတာက လာလာချည်သေး---
ကလိမ်ခြုံ ဒိုက်ပုံက ပတ်ပြန်တော့မည်-- ။

တွေ့ကြ ဆုံကြ ဆွေးနွေးကြ တိုင်းပင်ကြ ဆိုပြန်တော့လည်း---
မတွေ့ရဲ မဆုံရဲ မဆွေးနွေမတိုင်ပင်ရဲ တစ်ကယ့် သတ္တိခဲတွေပါပဲ---တွေ့ဆုံဆွေးနွေးရေးစကားများလုံးဝမကြားလိုကြ--
က္ကိတိပိသောကို တစ္ဆေ သရဲများက ကြောက်သလို ကြောက်နေကြထင်ပါရဲ့--
ဒါ သေနတ်ကိုင်ထားတဲ့ လူတွေတဲ့ဗျာ-- အံ့ရော အံ့ရော---။

ဒင်းတို့လည်း ဘယ်လောက် ကြာရှည်ခံနိုင်မှာလည်း---
သူပျော့လျှင် ဖယောင်းတဲ့
သူကမာနေတော့ ကိုယ်က သံချောင်းရတော့မယ်ပေါ့--
ဒို့အဖိုးအဖွားတွေက ရဲစိတ် ရဲမာန် တစ်ကြွကြွနဲ့သတ္တိသွေးပြပြီး
တိုင်းတစ်ပါး ဖက်ဆစ်ကိုတောင် တော်လှန်နိုင်ခဲ့ကြသေးတာ---။

ဒို့ကြမှ ညံ့ရာအကြ မခံဘူး--
ကဲ-- ညီလေးတို့ရေ--အားမွေးပြီး ဒါးသွေးစို့ကွာ---စမယ်ဟေ့--
ဟော လက်ပံပင်ကြီးတွေက မီးတွေထွန်းလို့ ဒို့ကိုလမ်းပြနေကြပြီ---
ညီစေကွဲ့ ညီစေ။
နီစေကွဲ့ နီစေ။ ။

သန်းစိန်

Read More...

15.3.09

လွဲနေသောရေစီးကြောင်း
***************

ကလေးက တငိုငို
ကျောင်းဝင်ကြေး ငွေလိုလို့
မျက်ရည်တွေ စိုရွှဲ
စုဘူးကလည်း ပြည့်နိုင်ခဲတယ်---။


ဖေဖေကြီးမှာတော့
ဘီယာတွေ တစ်လုံးပြီးတစ်လုံး ဖေါက်
တစ်လုံးပြီးတစ်လုံး သောက်
နေညိုချိန်ရောက်လို့
မှောက် သွားတဲ့ခါ---။

ကလေးခမျာ
ပုလင်းခွန် တစ်လုံးပြီးတစ်လုံး ကောက်
ဈေးပေါက်ဝ သွားရောင်း
ပြန်လာတော့ လက်ဆယ်ချောင်းထောင်ပြ
ငွေတစ်ဆယ်ရလို့ ပြုံးရွှင်ပျော်
ဖေဖေကြီး များများသောက်နော်---တဲ့
ဖေဖေကြီး များများဆက် သောက်။ ။

သန်းစိန်

Read More...

14.3.09

ယနေ့အတွက် ကျွန်ုပ်၏ နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်လိုက်သော စာများ၊
***********************************************
ငမြတ်စံ အဖို့ အလုပ်က မယ်မယ်ရရ မရှိလှ
ဘလော့ နှိုက်ရင်းနှင့်သာ တစ်နေကုန်ပြန်တော့၏။
လူငယ်များ ဘလော့တွေကိုသွား လူလည်များ ဘလော့တွေကိုရှောင်
သူတို့ရဲ့အရေးအသား အတွေးအခေါ်များကို လေ့လာ
ကိုယ့်ကိုကိုယ် ခေတ်မှီအောင် မွန်းမံရ သကိုဗျ။
အရေးအသားတွေကကောင်းကြတော့ စာတွေထဲစီးမျှောနေလိုက်တာ--
ခဲထားတဲ့ ဆေးပေါ့လိပ်က မီးပွားတွေကြလာမှ ပြန်ပြီး သတိရ--
ကံကောင်းလို့ ဘောင်းဘီထဲမကြတာ ။
ကီးဘုတ်မှာ မီးလောင်ပေါက် တစ်ရာနှစ်ရာနဲ့--
သူ့ခမျာ ပူရှာမှာပေါ့---နော။ ။။

Read More...

12.3.09


လွမ်းရိပ် တဝေဝေ
************

အညာနွေ
ပူလေသည့် ဖြစ်ခြင်း---။

ထနောင်းပင် ခြေရင်း
ငှက်ပျောဖက် စိုစိုခင်း
အိပ်စက်ခြင်း အရသာ
အဲယားကွန်း ဆိုတာမလို---။

ရိုးပြတ် တောက
ဖြတ်လာတဲ့ လေညှင်း
ကာပွန်နံ့ကင်း
ကောက်နံ့သင်းသကို---။

ရွာရဲ့အရှေ့
ချောင်းအကွေ့က လက်ယက်တွင်း
ပျိုမေတစ်သင်း ရေခပ်ဆင်း
ကျေးလက် ရေသန့်တွင်း---။

ရွာအနောက်က ထန်းပင်ကောက်
ကိုကြီးကျော် လာလာသောက်တဲ့
ဝါးဘူးပေါက်နဲ့ ခံတဲ့ထန်းရေ (ရည်)
ပုစွန်ဆိတ်ခုံမှို့ ရီဝေဝေ
စကိုင်း ဘီယာ တွေပေါ့---။

ဖိုးခွေးရေ အိမ်ပြန်ခဲ့လို့
မိအေးရဲ့ အော်ခေါ်သံ
လော်စပီကာလောက် ဆူညံပေမယ့်
မော်တော်ကား ဝှန်းသံထက်
နားဝင်ပီယံ ဖြစ်ရတယ်---။

မွေးရပ်မြေ
လွမ်းရိပ် တဝေဝေနဲ့
ပြန်ချင်တယ် စိတ်ကစော
မောလှပြီလေး---။ ။

သန်းစိန်





Read More...

8.3.09





မှာတမ်း
*****

မိန်းမရေ---
ငါ--သွားတော့မယ်အေ
ဒီတိုင်းပြေ (ပြည်)
ကြာကြာ မနေဘူး
အာဏာရူးတဲ့
စစ်ဘီလူးတွေ -မုန်းလွန်းလို့---♥

ကဲ--မသွားခင် စပ်ကြား
ငါ--မှာထားမယ်
နားထောင်---♥

ရွာဦးကဆရာတော်ရဲ့ ဆုံးမစကား
မြေဝယ်မကြ နားဆင်
အိပ်ယာဝင် ဘုရားရှိခိုး
ကြားလား--
ညီးက ဘုရား တရား မေ့တတ်တယ်---♥

နေဝင်ဝင် မိုးချုပ်ချုပ်
ကောက်စိုက် ပျိုးနှုတ်
ဘယ်အလုပ်မှ မငြင်းနဲ့
ထမင်းတလုပ်တော့
ထင်းခုတ်တောင် စားရမှာပါ--အေ---♥

ညည့် သမီးနဲ့သား
ကျောင်း မထားနိုင်ရင်
စာအုပ်စဉ်ကို ညွှန်ပြ
မင့်အဖေ ကျောင်းကွ လို့ပြော
စာဖတ်ကြပစေ
ပညာတွေ ပေါမှပေါ---♥

ငါ မရှိခိုက်
ဗိုင်းကောင်း ကျောက်ဖိ
ပိပိ ရိရိနေ
မိန်းမတို့ က္ကနြေ္ဒ
ရွှေပေးလို့ မရ--တဲ့
မှတ်ထား---♥

ဒီမိုကရေစီ ရတော့
ငါ ပြန်လာမှာပေါ့
အသက်တော့ ပါချင်မှ ပါမယ်ဟေ့---♥

သွားတော့မယ်အေ
ဒီတိုင်းပြေ (ပြည်)
ငါ မနေဘူး
အာဏာရူးတဲ့
စစ်ဘီလူးတွေ မုန်းလွန်းလို့---♥

ကဲ---ကဲ---
မျက်ရည်လေး တစမ်းစမ်းနဲ့
ငါ့ကို မှန်းမှန်းပြီး
လွမ်းလွမ်း မနေနဲ့
မချစ်လို့တော့ ဟုတ်ဖူးနော်---♥ ♥

သန်းစိန်
လွန်ခဲ့သော(၁၉)နှစ်တာ ကာလများဆီသို့---

Read More...

2.3.09

နွေဦးပေါက်စ ငမြတ်စံတယောက် ပျင်းခြောက်ခြောက်ရှိလှသမှို့ ဟာသရသတို့ ပါဝင်မည်ထင်သော စာကဗျာတို့ကိုလှန်လှောရှာဖွေမိ၏။
ဟော--တွေ့ပြီ ဦးပုည ရေးတဲ့ ကောသလ ပြဇာတ်ထဲက စကားတချို့။ မြည်းစမ်းကြပါကုန်။ ။
-------------------------------------------------------------


ရှေးသရောအခါ ဟေမဝါမှာ
သာယာစွာဘိ---
ရွှေမှုံဝတ်ဆံ ကြာမျိုးရံ
ရေကန်ကြီးရှိ သတဲ့---

ထိုရေကန်သို့ လူတန်ယောင်္ကျား
တယောက်သားသည် အမှားသင့် ရောက်လှာ---

နေကပူပြင်း ရေငတ်ခြင်းကြောင့်
ဆင်းလို့ ရေသောက်ရော့---

ခေါင်းစောက်ထိုးထား တင်ပါးမိုးမျှော်
သိကြားကို သရော်သလို
ဇာတ်လုံးပေါ် ခင်းရာတွင်---

တောတွင်းက ယောင်တောင်တောင်
လူဝံကြီး တကောင်လဲ
များအောင်မကြာ ရေကန်တွင်းသို့
ဇွတ်ဆင်း၍ လာပြီးလျှင်---
မောင့်ပဇာ ကပ်ပဲ့အိတ်
နီချိပ်ချိပ် စုပ်ဖတ်ဖတ်
ပင့်ကူမြှေး ရစ်ကာနှင့်
ကျီးအာသီး မှတ်လေတော့---

ဆတ်ကနဲဆုပ် ဆွတ်တော့မည် လုပ်ရာတွင်
ရုတ်တရက် မကြွေတဲ့လို့
မမှဲ့သေး ပါတကား နက်ဖြန်ခါမှ

ငါလာ၍ စားမည်ဟု---

ငမိုက်သား လူဝံမွဲ
အကြံ လွဲပေလို့ မဆွတ်ဘဲသွား
ထိုယောင်္ကျားလဲ ကန်အားလျှော်စွာ
ဘေး လွတ်ရှာရော့---။

နက်ဖြန်ခါ နောက်တရက်တွင်
ဟင်ရွက်ခူး ဇီးသီးကောက်
အပျိုကြီး တယောက်သည်
ရေသောက်မည် အကြံနှင့်
ရေကန်ကိုဆင်း တကိုယ်ချင်း
လူရှင်းသည့် အရပ်မှို့
မကပ်ဗလာ ထမီကို ခွာပြီးလျှင်
ငုံ့ကာကုန်း၍ အုန်းပင်စိုက် ဂျွမ်းလှန်
ရေ စည်းစိမ် ခံတုန်းကို---

ယမန်က လူဝံကြီး
ကျီးအာသီး စားမလို့
ဘွားကနဲ အဆင်း
ရေကန်တွင်းက
သကောင့်သမီး အပျိုကြီး၏
တင်ပါးသီးအောက် မောင်လူဝံ ရောက်ချည်ရော---

တောင်မြောက် မလှည့်
ကုန်း၍ ကြည့်ရာတွင်
ရိုင်းဘိစွ တကား---

မနေ့က ကျီးအာသီးကို
ကျီးဖေါက်၍ စားခဲ့ပြီ----

အသားကလေး နဲနဲ
နီမဲမဲ တစေ့ထဲ ကျန်တော့တယ်လို့---

တိရစ္ဆာန် လူဝံ
မြည်တွင် တောက်တီး
မြိုင်ရပ်သို့ မှီးသောကြောင့်---

အပျိုကြီး မမ ချမ်းသာခွင့် ရလေတော့။ ။

(ကဲ--အပျင်းတော်ပြေကြစေဗျား----)

-

Read More...

28.2.09

တျာချင်း

*******

မိုးသောက်ကာလ အိပ်ယာထလျှင်
စောစောစီးစီး ဇနီးက အပြစ်တင်
ရုံးသွားဖို့ပြင် ကိုယ်တွင်အဝတ်
ကချင်လုံချည် ဖျင်ပင်နီ--
အင်္ကျီတိုက်ပုံ ခပ်ညစ်ညစ်ကယ်နှင့်လေး---။


လကုန်ရက်ခါ ကားခရယ်မပါ
ခြေလျှင်သာ ကိုယ်ထည်းလျှောက်လို့လာ
ဆေပေါ့လိပ်ဖွာ စိတ်မှာတွေးရင်း
လယ်ကွင်းကိုကျော်လျှင် ရုံးကိုဝင်
ကိုယ်တွင် ချွေးစွတ်စွတ်ကယ်နှင့်လေး---။

ထမင်းထုပ်ငယ် လွယ်အိပ်ဝယ်
ခဲတံမှင်ချောင်း သောင်းပြောင်းရော၍သာလွယ်
အပေါင်ဘောင်ချာ တဖြာကြွေးစာရင်း
အသင်းဝင်ကြေး ပေးရန်တဖုံ အလုံးစုံ
အကုန်သာ ရော၍ပြွမ်းသည်နှင့်လေး---။

ဆူလည်းဆူလွန်း မေးခွန်းများစွာ
ဆဲကာကြိမ်းမောင်း သောင်းပြောင်းထွေလာ
အိမ်သို့ရောက်ခါ မောင်းကာနှင်ထုတ်
ကြွေးကထူထူ နားကပူ
ငြီးငြူစူပုပ် ငရုပ်ကျည်ပွေ့ငယ်နှင့်လေး---။

အလုပ်ကယ်ပြန်လာ ငွေတရာသာ ကျန်တော့သည်။
အဟုတ်ငယ်မဖန်သာ အမေ့ရွာမှာပြန်တော့မည်။

သန်းစိန်

Read More...

26.2.09

အချစ်နဲ့ဘဝ

********

အချစ်ဆိုတာ---
ဘောင်းဘီထဲ မီးပွားကြသလို
အင်မတန် ပူလောင်ပြီး
ခါထုတ်ရ အလွန်ခက်သတဲ့
ကမောက်ကမ ဒဿနတွေထင်ပါရဲ့---။

ဘဝဆိုတာဗျာ---
ခရမ်းချဉ်သီး ညှစ်သလိုမျိုး
ရှေ့ကိုညှစ်သော်လည်း
နောက်ကိုပြန်စင် တတ်တယ်ဆိုပဲ---။

ကျုပ်တော့---
ချစ်လည်း မချစ်ချင်
ညှစ်လည်း မညှစ်ချင်တော့ပါဘူး---။

သန်းစိန်

Read More...

18.2.09

ကွဲပြားသောချီတက်ခြင်းများ
*****************

ကိုနန္ဒာရေ
ကျုပ်တို့မှာ
ဒါးတချောင်းလိုတယ်ဗျ---ဒါးတဲ့။

ကိုသံချောင်းလိုချင်တဲ့ ဒါးတချောင်း
ဖေါင်ကောင်းကောင်းဖွဲ့ဘို့ပေါ့
ဖေါင်ကောင်းကောင်းဖွဲ့ချင်လို့---။

မီးပင်လယ်တမျှမကတဲ့
ဒုက္ခတွေအနန္ဒကို
ကျော်လွှားပြမယ့်ခင်များရဲ့အားမာန်
စင်္ကြာဝဠာတခုလုံးညံသွားအောင်
သြဘာသံတွေအပေးခံခဲ့ရတယ်---။

မလျှော့တဲ့ဇွဲ
သတ္တိခဲမှို့
ကျုပ်တို့လည်းအားကြမိသဗျို့---။

ကိုသံချောင်းရေ
ဗျို့---ကိုသံချောင်း
ဒါးကောင်းကောင်းလိုသဗျာ---ဒါး။

ဒါပေမယ့်
ကျုပ်လိုချင်တဲ့ ဒါးတလက်
ဖေါင်ဖျက်ဘို့ ခင်မျ
ဖေါင်ဖျက်ဘို့---။ ။

သန်းစိန်
ငွေဖေါင်စီး၍ ပြည်ကြီးပြန်သူများအား ဤကဗျာဖြင့် ဆရာကြီးမြသန်းတင့်သို့
တိုင်တမ်းလိုက်ပါသည်

Read More...


အိုင်ချင်း
*****

ချစ်တဲ့သူငယ်လေ
Blogger အပေါင်း ယောင်းမတို့ရေ---

ညီမလေး အမအိမ်ကို လာလည်လိုမူ
Desk top နှင့် Lap top နှင့်---

လာဖြစ်တယ်ဆို ကြိုပြောလိုက်ပေါ့
Google talk နှင့် Skype နှင့်---

ဆက်သွယ်ရန်က Blogတွင်မူ
Comment box နှင့် C-box နှင့်---

Comment မပေး C-box လေးမှာ
မရေးသာလျှင်
Sidebar ထဲမှာ တွေ့အောင်ရှာ
Chatting ပါတယ်ရှင်---

Chat အားလည်း အောက်နားလေးသွား
Scrollbar ရွှေ့ E-mail လိပ်စာတွေ့မယ်ရှင့်---

မြို့ပေါ်ရောက်မှ လိပ်စာကိုမေ့
အိမ်မတွေ့သော် mobile ကိုခေါ်ရှင့်---

မွေးမေတား၍ မအားလို့များ
မကြိုအားလျှင်
စီဒိုးနားမှာ တည်းခိုပါရှင့်-
ကျသင့်ငွေကြေးပေးပေါ့လေး။

သန်းစိန်
-

Read More...