29.7.09
27.7.09
ကံ ကံငယ်ခေ
23.7.09
ရွာစမ်းဟဲ့မိုး
မိုးနတ်ရှင် ကိုးရပ်ခွင် ညို့ညို့ဆိုင်းပါလို့ မို့မို့မှိုင်း ရွာဟန်ပြင် ပြိုးပြက် လျှပ်ဆင်---။ ယာတောလယ် တခွင် သာမောဖွယ် မယ်ခင်ကညာတို့ လယ်ပြင်မှာ ကောက်စိုက်တေးတွေနှင့် နောက်လိုက်သေး ပျော်ပျော်ရွှင်---။ ယောင်ကြီးနဲ့ မောင်ကြီး ရှင် မိုးရွာလျှင် ပျိုခင်မှာ စိုမှာစိုးတယ် ခါးဝတ်ကယ် ရွှေပုဆိုးရယ်နှင့် မိုး ကာလှဲ့ရှင်---တဲ့။ စိုးပါနဲ့ခင် တာဇံအသွင် သစ်ခက်တွေခါးမှာဆင်လို့ ပျိုမေခင် ဘဝင်ခိုက်အောင် ကွင်းလိုက်ကယ် မောင့်ပုဆိုးရယ်နှင့် လိုက်ကာလို့ မိုးပါ့မယ် ကဲ--ရွာစမ်းဟဲ့ မိုး---။ ။ သန်းစိန် | ![]() |
20.7.09
စမ်းတဝါးဝါး
ပန်းပုတစ်ရုပ်
ဓါးထစ်ခုတ်လည်း
သည်အရုပ်ကား
ဓါးသွားယွင်းချော်
ပုံမပေါ်သေး---။
ပန်းချီတချပ်
စုပ်ချက်ခတ်လည်း
သည်ပန်းချီကား
ဆေးသားမညီ
ပုံမပီသေး---။
ကဗျာတစ်ပုဒ်
ကာရံထုတ်လည်း
သည်ကဗျာကား
လင်္ကာမညီ
တေးမပီသေး---။
အနုပညာ
ဝင်္ကဘာလမ်း
စမ်းတဝါးဝါး
လေးဘက်သွားတုံးပါကွယ်ရို့---။
သန်းစိန်
17.7.09
မောင်ကြံရွယ်တဲ့စပယ်ကုံး
စပယ်ရုံ
အကုန်ခူးပါလို့
ငုံဖူးရော အပွင့်ပါ
သီကုံးကာပေးမယ်ကွယ့်စိတ်ကူး---။
ကေသာဆင်
လည်တွင် ဆွဲရအောင်
ကဗျာဆရာ့ ကဗျာထဲက
မိန်းမလှတွက် ရည်စူး---။
သန်းစိန်
14.7.09
လမ်းတွင်လှဘူး
*************
သီကရီ
ရွှေပိုးတီ အသာတွန့်သည့်နှယ်
မောင်လွန့် ကာလူး---။
ခါးကိုငယ် လိမ်
ဖင်ပိန်ကို အကုန်နှဲ့လို့
အိပ်ပဲ့ကို အနိုင်ချီရတော့
ဗွတ်ဖင်နီ ပျံသင်စလို
လမ်းတွင် လှဘူး----။ ။
(ဦးပုည)
ဇူဇကာပုဏ္ဏား ဝင်္ကပါတောင်သို့သွားရာ စခန်းချသောခွန်းထောက်သဖြန်။
တော်လှန်ရေးနယ်ပယ်
ခရီးရယ် ဘယ်တွင်ပါ့----။
သူတလူ ငါတမင်းတွေနဲ့
အချင်းချင်း ဖီလာ
ဇူဇကာ သူ့ဖင်နှဲ့သလို
အိပဲ့ပဲ့ နဲ့နဲ့သာ---။
ပိုးတီမျှ မတွန့်သာအောင်
ဘေးတိုက်ဆောင် လူ့လွယ်အိပ်တွေနဲ့
စိတ်ပျက်အောင် ခရီးဆက်လျှင်ဖြင့်
ဗွတ်ဖင်နီ ပျံသင်ငှက်လောက်မှ
ခရီးရောက် မ... ထင်ဘူး---။ -။
သန်းစိန်
11.7.09
ခွေးအိပ်တောင်အလွမ်း
သွေးစီးပေရစ်
သံလွင်မြစ်
စိတ်ညစ်ခွေခေါက်စီးဆင်းလျှက်---။
ခွေးအိပ် တောင်တန်း
လျှိုမြှောင်ကမ်း
ပြောက်ကျား စခမ်းရှိလေရဲ့---။
ည၏အရောင်
မဲမဲမှောင်
တောတောင် ချောက်ချားနေလေရဲ့---။
တောခွေးအူသံ
ဂျီဟောက်သံ
မိုးယံထိုးဖေါက်သွားလေရဲ့---။
ကင်းအထပ်ထပ်
ညဥ့်လုံးပတ်
စောင့်ကြပ် စစ်ဆေးနေလေရဲ.--။
ပြောက်ကျားလုလင်
ရှေ့ရေးမြင်
ခွပ်ဒေါင်းတွန်လို့ကလိမ့်မယ်---။ ။
သန်းစိန်
9.7.09
အသွားမတော်တလှမ်း
သူငယ်ချင်း မွေးနေ့
လက်ဆောင်လေး ပွေ့အသွား
ငယ်ပေါင်းများ နဲ့တွေ့
ဟေ့...မြတ်စံရေ့ လာဟေ့ ဒို့ဝိုင်း
ကိုင်း..တခွက် တဖလား ချကွား---။
မချပရစေနဲ့ တောင်းပန်
အိမ်အပြန် အနှံခံရမှာဗျာ့
ရှိခိုးပ့ါမယ် ကိုယ့်လူတို့ရယ်---။
မိန်းမဗျာ ဒါလောက် ကြောက်သလား
မွေးနေ့ရှင် ဒါနမြောက်အောင်
တခွက်တော့ သောက်ကွာ
ပုလင်းကိုဗျာ အတင်းငှဲ့
လောင်း ထည့်မယ် လုပ်ကြ
ရုန်းကန် မရတော့
တခွက် မော့လိုက်ရတယ်---။
အိမ်အရောက်
အချစ်က ဆီးဟောက်ပါလေရော---။
မျက်နှာလေး နီနီ နီနီနဲ့
ပလီတီတီ လာမလုပ်နဲ့
ဆုတ်---နောက်ကို နံတယ်ရှင့် အရက်စော်
ရှင့်နော်---ရှင်
သောက်ခဲ့လျှင် အိမ်မဝင်ရဘူးဆိုတာ
ဘယ်နှစ်ခါ ပြောနေရမှာလဲ
ကဲ--ဘယ်မှာလည်း ရှင့်ကတိ---။
သိ--သိပါတယ် အချစ်ရယ်
ဒီ--ဒီတခါ သူငယ်ချင်းတွေ
အတင်းလေ--အတင်း----။
ရှင်းပြမနေနဲ့--
ရှင်းပြမနေနဲ့--
သူငယ်ချင်းချင်း မချင်းချင်း
ရှင်--အိမ်ပေါ်က ဆင်းမလား
ကျမ--အိမ်ပေါ်က ဆင်းရမလား--
ရှင်းရှင်းပဲပြော ဒါပဲ---။
မင်း--မင်းလည်း မဆင်းပါနဲ့
ငါ--ငါလည်း မဆင်းပရစေနဲ့ကွယ်
အချစ်ရဲ့ နော်---။
တော်---
တော်စမ်း---
ရှင်တော်စမ်း---
ဖျမ်း----
ကျောတချမ်းစပ်သွားတယ်ဗျာ---။
မကပ်နဲ့နော်
ရှင်လုံးဝမကပ်နဲ့ ကျမအနား--
သွား---ခပ်ဝေးဝေး
ချွေးစော်ကအစ နံတယ်ရှင့်---။
ခင်ပေးတဲ့အပြစ်ဒဏ်
ကိုယ်ခံရန်အသင့်ပါကွယ်
အိမ်ပေါ်ကဆင်းမယ်တော့ မကြံပါနဲ့
တောင်းပန်ပါရဲ့ ---။
ဒါနဲ့ အချစ်ကပေးတဲ့ဒဏ်
ကျနော်ခံပါတယ်---။
နားရွက်ကို နာနာဆုပ်
ထိုင်ထ ထိုင်ထတွေလုပ်
ငုတ်တုတ်ကလေး
ကုတင်ဘေး အိပ်လိုက်ရတာပေါ့---။
သန်းစိန်
8.7.09
ကချေသည်
ပန်းချီ...စစ်ငြိမ်းအေး
ထံတျာ သီကာကြွေးပါလို့
ဟန်ပါပါ ကွေးကာကလို့ရယ်
ယဉ်ပါပေ့ ကွယ်---။
လက်ဖျားနဲ့ လင်္ကာသီတယ်
ကဗျာနှယ် စီမကုံးနှိုင်ဘူ့
ရွှေပန်းချီရှုံးလောက်တဲ့ ကချေသည်---။
မြန်မာမှု့ မဟာဆန်တယ်
နန်းဟန်နွယ် ဖွား
ကမ္ဘာ တလွှားမှာဖြင့်
ဝံ့ကြွား ဂုဏ်ဟူစရာပါ့
စဉ်အလာယဉ်ကျေးမှု့ဟာမှို့
ထိန်းသိမ်းကြများသူငါ
ဆယ်ကမ္ဘာတည်စရာပါ့လေး---။ ။
သန်းစိန်
5.7.09
ဝေးသွားမှာစိုး
တိုးတိုးဖေါ် တိုင်ပင်ဘက်
လက်ချင်းယှက်
ဆက်လျှောက်မည့်သူကိုမျှော်
ပေါ်လာနှိုင်ခဲ---။
သူ့ကိုယ်ပဲ တမင်
ရွေးခေါ်လျှင်ကောင်းလေမလားရယ်လို့
ရင်တွင်းမှာဝေဝေဝါး
စဉ်းစားရဆဲ---။
ဘဝခရီးဖေါ်
ဖြစ်လာလျှင်တော်လေစွ
မျက်မာန်တော်ရှ
မုန်းသွားမှဖြင့်
ခင်ခွင့်ကလေး
ဝေးသွားမှာစိုး
တိတ်တခိုးနှင့်သာသူ့ကိုခင်
အကြင်နာ မေတ္တာ ယိုဖိတ်ငြားသော်လည်း
အစဉ်သာ ရင်မှာ သိုသိပ်ထား---။
သန်းစိန်
2.7.09
အရပ်ကူပါ
ပါးပါး လျှပ်လျှပ်
သူစကပ် က
လေလှပ်တိုင်းကြွ
မှိုပွင့်လို လှသတဲ့--။
ပေါင်တံက ခပ်ရှည်ရှည်
သလုံးသား ရွေအိုရောင်လဲ့
တဒေါင်ဒေါင် တခွပ်ခွပ်
ဒေါက်ဖိနပ်နဲ့---။
ရွာလည်ခေါင်
ခွေးဟောင်လို့တအုံးအုံး
(အဘရေ)လို့ကုန်းကုန်းအော်
သစ်ပင်ခွကြားပေါ်က မိန်းကလေး---။
ရွာသားတွေ ပြေးပြေးပြီးကြည့်ကြ
မြို့ကြီးက ပြန်ရောက်စ မိအေး---။
သန်းစိန်