-->

9.7.09

အသွားမတော်တလှမ်း

သူငယ်ချင်း မွေးနေ့
လက်ဆောင်လေး ပွေ့အသွား
ငယ်ပေါင်းများ နဲ့တွေ့
ဟေ့...မြတ်စံရေ့ လာဟေ့ ဒို့ဝိုင်း
ကိုင်း..တခွက် တဖလား ချကွား---။

မချပရစေနဲ့ တောင်းပန်
အိမ်အပြန် အနှံခံရမှာဗျာ့
ရှိခိုးပ့ါမယ် ကိုယ့်လူတို့ရယ်---။

မိန်းမဗျာ ဒါလောက် ကြောက်သလား
မွေးနေ့ရှင် ဒါနမြောက်အောင်
တခွက်တော့ သောက်ကွာ
ပုလင်းကိုဗျာ အတင်းငှဲ့
လောင်း ထည့်မယ် လုပ်ကြ
ရုန်းကန် မရတော့
တခွက် မော့လိုက်ရတယ်---။

အိမ်အရောက်
အချစ်က ဆီးဟောက်ပါလေရော---။

မျက်နှာလေး နီနီ နီနီနဲ့
ပလီတီတီ လာမလုပ်နဲ့
ဆုတ်---နောက်ကို နံတယ်ရှင့် အရက်စော်
ရှင့်နော်---ရှင်
သောက်ခဲ့လျှင် အိမ်မဝင်ရဘူးဆိုတာ
ဘယ်နှစ်ခါ ပြောနေရမှာလဲ
ကဲ--ဘယ်မှာလည်း ရှင့်ကတိ---။

သိ--သိပါတယ် အချစ်ရယ်
ဒီ--ဒီတခါ သူငယ်ချင်းတွေ
အတင်းလေ--အတင်း----။

ရှင်းပြမနေနဲ့--
ရှင်းပြမနေနဲ့--
သူငယ်ချင်းချင်း မချင်းချင်း
ရှင်--အိမ်ပေါ်က ဆင်းမလား
ကျမ--အိမ်ပေါ်က ဆင်းရမလား--
ရှင်းရှင်းပဲပြော ဒါပဲ---။

မင်း--မင်းလည်း မဆင်းပါနဲ့
ငါ--ငါလည်း မဆင်းပရစေနဲ့ကွယ်
အချစ်ရဲ့ နော်---။

တော်---
တော်စမ်း---
ရှင်တော်စမ်း---
ဖျမ်း----
ကျောတချမ်းစပ်သွားတယ်ဗျာ---။

မကပ်နဲ့နော်
ရှင်လုံးဝမကပ်နဲ့ ကျမအနား--
သွား---ခပ်ဝေးဝေး
ချွေးစော်ကအစ နံတယ်ရှင့်---။

ခင်ပေးတဲ့အပြစ်ဒဏ်
ကိုယ်ခံရန်အသင့်ပါကွယ်
အိမ်ပေါ်ကဆင်းမယ်တော့ မကြံပါနဲ့
တောင်းပန်ပါရဲ့ ---။

ဒါနဲ့ အချစ်ကပေးတဲ့ဒဏ်
ကျနော်ခံပါတယ်---။

နားရွက်ကို နာနာဆုပ်
ထိုင်ထ ထိုင်ထတွေလုပ်
ငုတ်တုတ်ကလေး
ကုတင်ဘေး အိပ်လိုက်ရတာပေါ့---။

သန်းစိန်

2 comments:

ကောင်းကင်ရဲ့ သမီးပျို said...

ကုတင်ဘေးမှာ ငုန်တုန်ကလေး သနားစရာလေးနော်

ကောင်းကင်ရဲ့ သမီးပျို said...

အင်း ကုတင်ဘေးမှာငုန်တုန်ကလေးဆိုတော့ သနားစရာပဲ